လမ်းအိုလေး

Løøps of Resistance …

ပီတာဇော်မြင့် သဘောပေါက်ပါသည် (ဇော်ဇော်အောင်)

ပီတာဇော်မြင့်ထံမှာ လာယူပါ (ဇော်ဇော်အောင်)

2 Comments

ပီတာဇော်မြင့်ထံမှာ လာယူပါ (ဇော်ဇော်အောင်)ပီတာဇော်မြင့်သည် တောင်ပိန္နဲပင်ကြီး အောက်ခြေတစ်နေရာတွင် ရပ်လိုက်၏။ သူ့လွယ်အိတ်ထဲမှ ပလတ်စတစ်အခင်းကို ထုတ်သည်။ ခေါက်ထားသည်ကို ဖြန့်၏။ ထို့နောက် ပင်ခြေရင်းတွင် ချခင်းသည်။ နောက်ထပ် ပလတ်စတစ်စတစ်စကို ထုတ်ပြန်၏။ အသေအချာဖြန့်သည်။

သူ့ဂျင်းဂျာကင် အိတ်ထောင်ထဲက နှိပ်သံမှိုကလေးတွေ ထုတ်၏။  နောက်က တောင်ပိန္နဲပင်ကြီး၏ ပင်စည်တွင် ဒုတိယပလတ်စတစ်စကို ဖြန့်၍ သံမှိုများနဲ့ နှိပ်တွယ်ကပ်လိုက်သည်။ ဆိုင်းဘုတ်တစ်ခု … ။

စာပေအနုပညာနယ်မှာ အတော်ဆုံးဖြစ်ကြောင်း …

ထောက်ခံချက်များ ပေးနေသည်။ အမြန်လာယူပါ။

(ပုံ) ပီတာဇော်မြင့်

ဟူသော စာတန်းကို ပလတ်စတစ်အဖြူပေါ်မှာ အနီရောင်စာလုံးများနှင့် ရေးထား၏။

ထို့နောက် ပီတာဇော်မြင့်သည် လွယ်အိတ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ယူ၏။ ဘောပင်ကို ထုတ်ယူ၏။ ပလတ်စတစ်အခင်းပေါ်မှာ အသေအချာ ချထား၏။

ထို့နောက် လွယ်အိတ်ထဲက ဂျိုးသိန်းဆေးပေါ့လိပ်နှင့် မီးခြစ်ကိုထုတ်၍ အသေအချာ တင်ပျဉ်ချိတ် ထိုင်လိုက်သည် မီးညှိဖွာလိုက်၏။ အရသာခံ၍မှိန်းလိုက်၏။ အား … ရသပါပဲ။

“ဟိတ်ကောင်”

အား…. လန့်လိုက်တာ။ (မှတ်ချက်။       ။ဤနေရာမှ စ၍၀တ္ထု၏ ဇာတ်ကြောင်းပြန်စာသားများနှင့် သိစိတ်အလျင်တို့ ကွဲပြားစေရန် အလို့ငှာ သိစိတ်အလျင်များကို ကွင်းစ ကွင်းပိတ်နှင့် ဖော်ပြသွားပါမည်။          ။ဝတ္ထုရေးသူ)

ဘယ်က ဘယ်လိုရောက်လာသည်မသိ။ ဂျိုးသိန်းမှိန်းနေတုန်း လူကြီးတစ်ယောက် ဖြုန်းခနဲ သူ့အနား ရောက်လာ၍ ပီတာဇော်မြင့် လန့်သွားသည်။ (ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဆိုတာများလား၊ ငါမြင်ဖူးသလိုလိုပဲ။)

လူပုံခပ်ပိန်ပိန်၊ အရပ်မြင့်မြင့်၊ မျက်လုံးများ စူးရှတောက်ပြောင်၍ အတွင်းအား ထိပ်တန်းအဆင့် ရှိပုံရသည်။ မျက်နှာထား ပြတ်သားတင်းမာလှ၏။

တစ်စုံတစ်ရာကို မဆုတ်မနစ် ရွပ်ရွပ်ချွန်ချွန် လုပ်တတ်သော တိဟိတ်ပုဂ္ဂိုလ်မျိုး၏ ပြတ်သားမှု၊ ထင်မိထင်ရာ လုပ်တတ်မှုတို့ကို သူ့မျက်နှာပေါ်တွင် တွေ့ရ၏။

“ဟိတ်ကောင်”

“ခင်ဗျာ”

“မင်းက ဘာကောင်လဲ”

(ဟာ၊ ဘာရောဂါလိမ့်၊ ငါ့ဘာသာ သစ်ပင်အောက်လာ အကြံအဖန်လုပ်နေတာ၊ ဘယ်က ဦးနှောက်အမှေးရောင်ပုဂ္ဂိုလ်ကြီးနဲ့ လာတွေ့နေပါလိမ့်၊ အံမယ်လေး၊ ထိုင်ရတာကြာလို့ ခြေကျင်လိုက်တာ၊ အဲ ဟိုကောင်မလေးက အိပ်တီဖိုက်ကေနဲ့ပါလား။)

“ခင်ဗျာ၊ ကျွန်တော် ပီတာဇော်မြင့်ပါ”

“မင်းက ဘာကောင်မို့ ကြီးကြီးကျယ်ကျယ် ထောက်ခံချက်တွေ ပေးနေရတာတုန်း၊ မင်းက ဘာကောင်မို့တုန်း”

“ဟဲ….. ဟဲ၊ ကျွန်တော် ပီတာဇော်မြင့်ပါခင်ဗျ”

“မင်းက ဘယ်လောက်တတ်လို့တုန်း”

“ဟဲ….. ဟဲ၊ ကျွန်တော် ပီတာဇော်မြင့်ပါပဲ ခင်ဗျ”

“မင်း ဆောမားဆက်မွန်ကို သိသလား”

“ဟဲ….. ဟဲ၊ မသိပါဘူး ခင်ဗျ”

“မင်း အီးအမ်ဖော်စတာ သိလား၊ တော်လစတွိုင်းသိလား၊ ဘာထရင်ရပ်ဆယ်သိလား၊ ချစ်ဦးညိုသိလား”

“ဟဲ….. ဟဲ၊ မသိပါဘူးခင်ဗျ”

(ဟာ၊ ဟိုကောင်မလေး ကားလမ်း အရမ်းဖြတ်ကူးတာ ကံကောင်းလို့၊ လုံချည်တိုတိုကလေး ၀တ်ထားတာ လှလိုက်တာ။ ရသပဲ။ ဒီလူကြီးကလည်း ဘာတွေလာရွတ်ဆိုနေပါလိမ့်)

“မင်း ရှင်မဟာသီလ၀ံသ သိလား၊ ရှင်ဥတ္တမကျော် သိလား၊ ရှင်တာရိုအာဘေး သိလား”

“ဟဲ၊ ဟဲ၊ မသိပါဘူး ခင်ဗျ”

(ဘာရောဂါလဲ မသိပါဘူးနော်၊ ဟာ၊ ဟိုကောင်မလေး ခြေကျင်းဝတ်မှာ ရွှေကြိုးသေးသေးလေး ၀တ်ထားတယ်။ အံမယ်….. သူ့ဖိနပ်က ဝေါကားဖိနပ်ပါလား၊ ဦးမိုးသူရဲ့ သားဆိုင်မှာ နှစ်ရာကျော်ပေးရသတဲ့၊ ဒုက္ခပါပဲ။)

“၀တ္ထုအကြောင်း မင်းဘာသိလဲ၊ ကဗျာအကြောင်း မင်းဘာသိလဲ”

“မသိပါဘူး ခင်ဗျာ”

“မင်းသိတာ ဘာရှိလဲ”

(ကျွန်တော်သိတာက ခင်ဗျားဟာ နိုင်ငံတကာ ဘ၀င်ကြီးပဲ၊)

“မရှိပါဘူး ခင်ဗျ”

“ဘာမှ မသိဘဲနဲ့ မင်းက ကြီးကြီးကျယ်ကျယ် ထောက်ခံစာတွေ ဘာတွေပေးလို့၊ မင်းလိုကောင် ပြောရဆိုရတာ ငါ့ပါးစပ်နဲ့ မတန်ဘူး၊ ပေးစမ်း ထောက်ခံစာ”

“ဗျာ၊ ဗျာ”

“ထောက်ခံစာကွ၊ မင်းသိရဲ့လား၊ ၀တ္ထုအကြောင်း ငါနားအလည်ဆုံး၊ အသိဆုံး၊ ကဗျာဆိုရင်လဲ သူများတွေ မမြင်တာတွေ၊ လူတိုင်းမမြင်တဲ့ အချက်တွေကို ငါ အရသာရှိရှိ ခံစားတတ်တယ်”

“ဟုတ်”

“ဒဿနိကဗေဒဆိုရင် ငါက သူများတွေကို သင်ကြားပို့ချလာတာ”

“ဟုတ်”

“မြန်မာစာရော၊ အင်္ဂလိပ်စာရော မွှတ်နေအောင် စွယ်စုံရတဲ့သူ”

“ဟုတ်”

(ကျွန်တော်တို့ ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေမှာတော့ ကော်ဖီရော လက်ဖက်ရည်ရော တစ်ပြိုင်နက်မှာရင် ဗယ်ညာလို့ ခေါ်ပါတယ် ဆရာကြီးရယ်။)

“မင်းလိုကောင်ကလား ငါ့လိုလူကို…..”

“အာ….. အာ….. ဆရာကြီးကို ကျွန်တော် ဘာမှ မပြောဝံ့ပါဘူး”

“ကိုယ်နဲ့ တန်ရာတန်ရာ လုပ်ပါကွ၊ ကြီးကြီးကျယ်ကျယ်ထောက်ခံစာတွေ ဘာတွေပေးရအောင် မင်းက ဘာကောင်တုန်း…..”

“ဟဲ…. ဟဲ။ ကျွန်တော်ပြောပြီးပါပြီ ဆရာကြီးရယ်၊ ပီတာဇော်မြင့်လေ၊ ဟဲ….. ဟဲ”

“တောက်….. ငါတီးမိတော့မယ်။ ရေးစမ်း။ ငါအတော်ဆုံးဆိုတဲ့ ထောက်ခံချက်။ ငါ….. တယ် မပြောချင်ဘူး”

“ဟုတ်….. ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာကြီး”

ပီတာဇော်မြင့်သည် အလွန်ရိုသေလေးစား ကျိုးနွံကြည်ညိုသော အမူအရာဖြင့် ၀တ္ထု၊ ကဗျာ၊ ဗယ်၊ ညာ စွယ်စုံရသော သိုင်းလောကဥသျှောင်၊ အဲ….. စာပေလောကဥသျှောင်၊ အတော်ဆုံးဆရာကြီးဖြစ်ကြောင်း ထောက်ခံချက်ကို လက်ရေးလှလှကြီးကြီးရေး၍ ပီတာဇော်မြင့်ဟု လက်မှတ်ကြီးကြီးထိုးကာ ဆရာကြီးအား လက်နှစ်ဘက်ဖြင့် ရိုရိုသေသေ လှမ်းပေးလိုက်၏။

“တောက်”

(အာ….. နောက် တစ်မိနစ်လောက်ကြာရင် ငါ့ကို သတ်သွားလိမ့်မယ် ထင်တယ်။ တယ်ဒေါသကြီးတဲ့ ပညာရှိကြီး။ တစ်မျိုးပဲနော်။)

ဆရာကြီးသည် စောင်းကန်းစောင်းကန်း မြောက်ကြွ မြောက်ကြွနှင့် ထွက်ခွာသွားသည်။ ပီတာဇော်မြင့်သည် အရှေ့တောင်အာရှတွင် အလှဆုံး အပြုံးကလေးပြုံး၍ ကျန်ရစ်သည်။


“ဒီမယ် ကိုယ့်လူ”

(အာ လာပြန်ပဟ။ မန္တလာ အညာတိုင်းက ကဗျာသိုင်းအကျော်အမော်ပါလား။ အင်း၊ အတွင်းအား အတော်ကောင်းပုံပဲ။ သူလာတာ ငါမသိလိုက်ဘူး။ ကိုယ်ဖော့ပညာကလဲ ထိပ်တန်းအဆင့်ပါလား)

“ခင်….. ခင်ဗျာ”

“ကိုယ့်လူက ထောက်ခံချက်တွေ ပေးနေတယ်ဆို”

“ဟုတ်”

“ကျုပ်ဟာ ထမင်းတစ်လုတ်အတွက် ထင်းခုတ်စားနေတဲ့ ကဗျာဆရာပါ၊ ကဗျာဆရာပါ”

“ဟုတ်”

“မြန်မာပြည်မှာ အတော်ဆုံး ကဗျာဆရာ ခြောက်ယောက်ကို ခင်ဗျားသိသလား”

“ဟဲ ဟဲ၊ မသိပါဘူးခင်ဗျာ”

(အတော်ဆုံး ကဗျာဆရာ ခြောက်ယောက်တဲ့။ ငါသိတာတော့ ဆင်ကိုလက်နဲ့ စမ်းတဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်ပဲ သိတယ်။)

“တကယ်တမ်း ပြောရရင်တော့”

ပီတာဇော်မြင့်သည် အလွန်ပါးနပ်သော အကောင်ဖြစ်၏။ ဘာပြောချင်သလဲ သိလိုက်ပြီ။ အမဲဆီရယ်၊ ဘောစိရယ်၊ ဘီးလုံးရယ်၊ ကုန်းစောင်းရယ်။ သင်္ကေတ နိမိတ်ပုံ လေးခုပေါင်း၍ ကောင်းချီးသြဘာပေးလိုက်သည်။

“ဟာ ဆရာရယ်၊ တကယ်တမ်းပြောရရင် ဆရာတစ်ယောက်တည်းရှိတာပါ။ ဆရာဖြတ်သန်းခဲ့ရတဲ့ ကဗျာခရီးက နည်းနည်းနောနောမှ မဟုတ်ဘဲ”

“ကျုပ်က ကဗျာမာရသွန်ခရီးကို ဖြတ်သန်းပြေးလွှားခဲ့ရ သူပါ”

“ဟုတ်တာပေါ့ ဆရာရယ်၊ ကျန်တဲ့ ငါးယောက် အသာခေါက်ထားပါ။ ဆရာဟာ ကဗျာရေစီးကြောင်းရဲ့ မြစ်ညာအရပ်မှာ ရဲရင့်တက်ကြွ ၀င့်ကြွားပြောင်မြောက်စွာ ကဗျာမာန်တွေ ကဗျာအလံတွေ လွှင့်ထူပြီး ကဗျာမာရသွန် ခရီးရှည်ကြီးကို ဟဲ ဟဲ၊ ဆရာတစ်ယောက်တည်းရယ်နော်”

(ဟူး မောလိုက်တာ၊ ဘီယာအေးအေးကလေး တစ်လုံးလောက် သောက်… သောက်)

“ဖောက်ပြန်တဲ့ ကဗျာအယူအဆနွံအိုင်ထဲက ရဲရင့်တက်ကြွပြည်သူ့ဘ၀နဲ့ တစ်သားတည်းကျတဲ့ ကဗျာ့သရုပ်မှန် ကြာဖြူပန်းတစ်ပွင့်ဟာ ဘယ်သူမှတ်လဲ၊ ရဲရဲတွေးကြည့်၊ ဒီမယ် ကိုယ့်လူ ကျုပ်ပဲဗျ”

“ဆရာရယ် ဒီစကာေးတွက ကဗျာတစ်ပုဒ်ပါပဲ”

“သည်တော့ ကျုပ်တစ်ယောက်တည်းအတွက် ကဗျာအတော်ဆုံးဆိုတဲ့ ထောက်ခံချက်ရေးပေးပါ။ ကျုပ်တစ်ယောက်တည်းအတွက်နော်”

“ဟုတ်… ဟုတ်… ဟုတ်ကဲ့ဆရာရယ်”

ပီတာဇော်မြင့်သည် အထက်ပါအတိုင်း ထောက်ခံချက်ကောင်းကောင်းလေးရေးပေးလိုက်၏။ ထိုပုဂ္ဂိုလ်လက်ထဲက အရီးတောင်း လက်ဖက်အကြော်စုံနှင့် တင်တင်အေး ထိုးမုန့်ထုပ်ကိုသူ့များပေးခဲ့လေမလားဟု ပီတာဇော်မြင့် မျက်စောင်းထိုးကြည့်၏။

“သည်မယ်ကိုယ့်လူ၊ ကိုယ့်လူ ကျုပ်တို့အညာမှာ ကျောင်းနေဖူးလား”

“ဆရာရယ် ကျွန်တော်လဖုံးကျောင်းထွက်။ ကျုံးရေသောက်ပြီးကြီးခဲ့တဲ့ ဘူမိနက်သန်အရပ်ကလူပါ”

“ကိုယ့်လူ ဒါကြောင့်ပီတာဆိုတဲ့နာမည်မှည့်ထားတာကိုး၊ မဆိုးပါဘူး။ ကျုပ်တို့ဒေသနဲ့ ပတ်သတ်ဖူးတော့ ကိုယ့်လူလဲ လူတော်ဖြစ်မှာပါပဲ”

“ဟုတ်ကဲ့ ဆရာ”

“ဒါပေမယ့်ပီတာဆိုတဲ့ နာမည်က အရင်းရှင် ကိုလိုနီအငွေ့အသက်တော့ ပါနေတယ်ဗျ”

“ဟုတ်”

“ကဲ….. ကျုပ်သွားမယ်၊ ရန်ကုန်ကလူတွေ ပြောလိုက်ပါ။ ကဗျာတာဝေးအပြေးသမားနှစ်ဆယ့်ခြောက်မိုင်ခရီးရှင် ကျုပ်အတော်ဆုံးလို့”

“ဟုတ်… ကဲ့ ဆရာ”

ထိုပုဂ္ဂိုလ်သည် ရုတ်ခနဲ အပြေးထွက်သွား၏။

ပီတာဇော်မြင့် နားထဲမှာ မြနန်းဂီရိ ယိုးဒယားသံလိုလို ကြားနေ၏။

(ဟဲ…. ဟဲ…. ဗျစ်ထူတွေ။ ငါ့နာမည်ပီတာကို အင်္ဂလိပ်စကားလုံးမှတ်နေတာ တကယ်အမှန်က ပီတာဆိုတာ ပါဠိစကားလုံး၊ ဒီကောင်တွေ မသိတော့ ခံပေဦးပေါ့။ ဟော….. ဟိုကောင်မလေးလှလိုက်တာ၊ အင်း… ရသပဲ။ ငါ့ဂျိုးသိန်းဆေးလိပ် ဘယ်ရောက်သွားပါလိမ့်။ ဂျိုးသိန်းဆေးလိပ်များ တယ်မီးသေတာပဲနော်။)


ဝတ္ထု ဤနေရာတွင် ဆုံးလိုက်တော့မည်။ (မှတ်ချက်။   ။ဤစာပိုဒ်မှ စ၍ စာရေးသူက စာဖတ်သူအား လက်တို့ပြီး ၀င်ပြောသော စကားများဖြစ်၏။ ဂန္တ၀င်မြောက် ၀တ္ထုများတွေင် ဤနည်းကို မသုံးကြတော့။ သို့သော်လည်း ဤတက်ကနစ်သည် လွယ်သောကြောင့် သုံးလိုက်ရသည်။ ၀တ္ထုရေးသူ) အမှန်စင်စစ် ၀တ္ထုက မဆုံးသေး။ လာကြလိမ့်ဦးမည်။

စာပေအနုပညာနယ်မှာ ငါအတော်ဆုံးဟူသော ထောက်ခံချက် လိုချင်သူတွေ တစ်ပုံကြီးကျန်သေး၏။ လာတောင်းကြလိမ့်ဦးမည်။

အမှန်စင်စစ် ပီတာဇော်မြင့်ဆိုသော အကောင်သည် ရှစ်တန်းတောင် မအောင်။ အနုပညာနယ်မှာ အတော်ဆုံးထောက်ခံချက်ကို မိုက်မိုက်ကန်းကန်းပေး၍ ၀င်တွမ်သည်။

ပညာတို့ဖြင့် လေးလံကိုင်းညွှတ်နေသော ပုဂ္ဂိုလ်ကြီးတွေပင်ဖြစ်လင့်ကစား သတိသမ္မဇဉ်ကင်းလွတ်၍ ဘာမျှ မဟုတ်သော ပီတာဇော်မြင့်လို အကောင်ထံ လာတောင်းကြသည်။ ပီတာဇော်မြင့်က အရှက်မရှိပေမယ့် သူတို့ကတော့ အရှက်တတ်သား။

ထောက်ခံချက်လဲ လိုချင်သေး၊ အပေါ်စီးကလည်း ဟောက်သေး။ ကျွန်ုပ်၏ ဇာတ်လိုက် ပီတာဇော်မြင့်ကတော့ တောင်ပိန္နဲပင်အောက်မှာ မိုနာလီဇာ အပြုံးကလေးနှင့် ထောက်ခံချက်လာတောင်းမည့်သူများကို စောင့်မျှော်ကြိုလင့်… နေဆဲ… နေဆဲ။


Mirrored: MySuboo.com

2 thoughts on “ပီတာဇော်မြင့်ထံမှာ လာယူပါ (ဇော်ဇော်အောင်)

  1. ဇော်ဇော်အောင်လို့မပြောရဘူး ကောင်းတယ်

  2. Human nature!!!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s