လမ်းအိုလေး

Løøps of Resistance …

ဆူးတွေနဲ့လူ (နေမျိုး)

Leave a comment

ဆူးတွေနဲ့လူ (နေမျိုး)

မြို့ထဲသို့ လူတစ်ယောက် ဝင်လာသည်။ သူ့ကိုယ်ပေါ်မှာ အင်္ကျီ အဝတ်အစားမပါ။ အင်္ကျီအဝတ်အစားမပါသော ကိုယ်ခန္ဓာပေါ်တွင် ဆူးချွန်ကြီးများ ပေါက်ရောက်နေသည်။ ဆူးချွန်ကြီးများက သူ့ကိုယ်ပေါ်မှ အရပ်မျက်နှာ အသီးသီးသို့ ချိန်ရွယ်ဆန့်တန်းလျက်ရှိသည်။ သူ့တစ်ကိုယ်လုံး ဆူးတွေကိုးရိုးကားရားနှင့်။ ကလေးငယ်လေးတစ်ယောက်က ဆူးတွေနဲ့လူကို စတင်တွေ့မြင်ခဲ့သည်။ ဆူးတွေနဲ့လူကြီး၊ ဆူးတွေနဲ့လူကြီး၊ ကလေးငယ်သည် ဤသို့အော်ဟစ်ကာ လမ်းပေါ်မှာ ဆော့ကစားနေရာမှ အိမ်ထဲသို့ ကြောက်လန့်တကြား ပြေးဝင်သွားသည်။ အိမ်ထဲမှာ လူကြီးတွေရှိပုံမရ။ တိတ်ဆိတ်နေသည်။ ကလေးငယ်သည် အိမ်တံခါးမကို အမြန်ပိတ်ကာ ပြတင်းပေါက်မှ ချောင်းကြည့်နေသည်။ အကြောက်ကတော့ မပြေသေး။ ဆူးတွေနဲ့လူသည် ကလေးငယ် ပုန်းအောင်းနေသောအိမ်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ပြီးတော့ လမ်းမအတိုင်း ခြေလှမ်းမှန်မှန်ဖြင့် ဆက်လျှောက်သွားသည်။ ဆူးတွေနဲ့လူသည် သူ့ကိုယ်သူ ကျေနပ်ဟန်ဖြင့် လမ်းကို ဆက်လျှောက်သွားနေသလား။ ဒါမှမဟုတ် မကျေမနပ်ဟန်ဖြင့် လမ်းကို ဆက်လျှောက်သွားနေသလား ခန့်မှန်း၍မရ။ အကြောင်းက သူ့မျက်နှာမှာ ခံစားချက် ကင်းမဲ့နေသူလို ထင်မှတ်ရသောကြောင့် ဖြစ်သည်။ ဆူးတွေနဲ့လူသည် လမ်းမကြီးကို ဖြတ်ကူးလိုက်သည်။ ထရပ်ကားကြီးတစ်စီးက သူ့ကို ဝင်တိုက်မိတော့မလိုဖြစ်ကာ ဘရိတ်ကို ကျယ်လောင်စွာ အုပ်လိုက်ရသည်။ ဒရိုင်ဘာ၏ဦးခေါင်းက ကားရှေ့ခန်းမှပေါ်လာကာ ကြမ်းတမ်းသောစကားဖြင့် ရေရွတ်ဆဲဆိုလိုက်သည်။ ဆူးတွေနဲ့လူက သူ့ကို ဆဲဆိုအော်ဟစ်သည့် ဒရိုင်ဘာကို ဘာမျှမဖြစ်သလိုလှမ်းကြည့်လိုက်သည်။ ဒရိုင်ဘာက ဆူးတွေနဲ့လူကို မြင်တွေ့သွားပြီ။ ဟာ … တစ်ကိုယ်လုံးဆူးတွေပေါက်နေတဲ့ လူတစ်ယောက်။ ဒရိုင်ဘာသည် အံ့သြထိတ်လန့်စွာဖြင့် ထရပ်ကားကြီးကို အရှိန်မြှင့်မောင်းကာ ပြေးထွက်သွားတော့သည်။ ဆူးတွေနဲ့လူသည် လမ်းမပေါ်မှာဆက်၍ လျှောက်လာခဲ့သည်။ ရှေ့တွင်လူတွေတရုန်းရုန်း ဝိုင်းအုံကြည့်နေသော ရုပ်ရှင်ရိုက်ကွင်းတစ်ခုရှိသည်။ လူတွေက ဆူးတွေနဲ့လူကို မမြင်ကြ။ ရုပ်ရှင်ရိုက်ကွင်းမှာ ငေးမောကြည့်ရှုနေကြသည်။ ဆူးတွေနဲ့လူက ရုပ်ရှင်ရိုက်ကွင်းထဲ ဝင်ရောက်သွားသည်။ အဝတ်အစား မလုံမလဲနှင့် မင်းသမီးက စူးစူးရဲရဲ အထိတ်တလန့်အော်ကာ ထခုန်သည်။ ဗီလိန်တွေ နောက်ဆုတ်သွားကြသည်။ ရုပ်ရှင်ရိုက်ကွင်းကို ဝိုင်းအုံကြည့်နေကြသောလူတွေက မထင်မှတ်သောပြကွက်ကို တွေ့မြင်လိုက်ရသဖြင့် တအံ့တသြဖြစ်ကာ စိတ်ဝင်တစား ငေးမောကြည့်နေကြသည်။ ဆူးတွေနဲ့လူက ကင်မရာကို ဖြတ်ကျော်သွားသည်။ ထိုအချိန်မှာပင် အဝေးမှ ဝိုင်ယာလက်ဥသြဆွဲသံများကို စတင်ကြားလာရသည်။ ရုပ်ရှင်ရိုက်ကွင်းကို ဝိုင်းအုံကြည့်နေကြသော လူများ သဲသဲရုတ်ရုတ်ဖြစ်သွားသည်။ဆူးတွေနဲ့လူသည် လူစည်ကားသော မြို့ထဲသို့ တိုး၍ဝင်သွားသည်။ လူတွေက ဆူးတွေနဲ့လူကို အံ့သြထိတ်လန့်စွာ ကြည့်ရင်း ရှဲပေးကြသည်။ ဆူးတွေနဲ့လူ၏ ခြေလှမ်းများက မရပ်သေး။ အဝေးမှဝိုင်ယာလက်ကား၏ အရေးပေါ်ဥသြဆွဲသံများ တစ်စတစ်စ နီးကပ်လာသည်။ ရုပ်ရှင်ရိုက်ကွင်းမှာ ဖရိုဖရဲဖြစ်ကာကျန်ရစ်ခဲ့ပြီ။ ဝိုင်းအုံကြည့်နေသာလူများထဲမှ တစ်စုံတစ်ယောက်က ခဲဖြင့် ပေါက်လိုက်သည်။ ခဲလုံးသည် ဆူးတွေနဲ့လူကို ပြင်းစွာထိမှန်သွားသည်။ ဆူးတွေနဲ့ လူ၏ ခြေလှမ်းများ တုံ့ကနဲရပ်သွားသည်။ လူအုပ်ကြီးကို ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့်ကြည့်လိုက်သည်။ လူအုပ်ကြီးကလည်း ဆူးတွေနဲ့လူကို အံ့သြထိတ်လန့်စွာ ကြည့်နေကြ၏။ သူတို့ဝိုင်းအုံကြည့်နေကြစဉ်မှာပင် စောစောက ခဲမှန်သွားသောနေရာ၌ ဆူးကြီးတစ်ချောင်း လူးလွန့်ကာ တလှုပ်လှုပ်နှင့် ထိုးထွက်ပေါက်ရောက်လာသည်။ လူအုပ်ကြီး နောက်သို့ ထပ်၍ ရှဲသွားကြပြန်သည်။ ဝိုင်ယာလက်ကားများ တဖြည်းဖြည်းနီးကပ်လာခဲ့ပြီ။ ထရပ်ကားကြီးကတော့ အဝေးကိုမနားတမ်း မောင်းနှင်သွားနေခဲ့ပြီ။ ဆူးတွေနဲ့လူက မြို့လယ်ကောင်မှာ။

၂၀၀၃၊ ၂၊ ၆

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ – ၂၀၀၆၊ မိုးကောင်းစာအုပ်တိုက်)

Source: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s