လမ်းအိုလေး

Løøps of Resistance …

မုန်လာချဉ်ပုလင်းကလေး (နေမျိုး)

Leave a comment

မင်းတို့ကို ငါပြောပြရဦးမည်။ မုန်လာချဉ်ပုလင်းလေး တစ်ခုအကြောင်း ဖြစ်သည်။ ငါတို့အိမ်တွင် ပုလင်းခွံတစ်ခုရှိသည်။ ထိုပုလင်းခွံသည် နောင်အခါတွင် ယခု ငါပြောပြမည့် မုန်လာချဉ်ပုလင်းကလေး ဖြစ်လာသည်။

မုန်လာချဉ်ပုလင်းကလေး (နေမျိုး)

ပုလင်းကလေးက အဖြူရောင် ဖန်သားကိုယ်ထည်နှင့် ရှည်မျောမျော လေးထောင့်ပုံစံရှိပြီး အ၀မှာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်သည်။ ငါ ပြောပြဦးမည်။ ငါ့ဇနီးက ငါ့ကို သိပ်ချစ်မြတ်နိုးသော အချိန်ကာလတစ်ခု ရှိခဲ့သည်။ ထိုအချိန်တွင် မုန်လာချဉ်ပုလင်းကလေးကို သူ ငါ့အတွက် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ငါပြောပြဦးမည်။ ငါ့ဇနီးက သူမကွယ်လွန်မီ ငါ့အတွက် ပြုလုပ်ပေးသွားခဲ့သော အောက်မေ့ဖွယ်ရာ အရာဝတ္ထုတစ်ခုမှာလည်း ထိုမုန်လာချဉ်ပုလင်းကလေးပင် ဖြစ်သည်။ ယခုအခါတွင် မုန်လာချဉ်ပုလင်းခွံနှင့်အတူ ငါ တစ်ယောက်တည်း ကျန်ရစ်သည်။ ငါ့ဇနီး မရှိတော့။ သူမသည် ငါမသိနိုင်သော အခြားနေရာတစ်ခုကို ထွက်ခွာသွားခဲ့ပြီ။ ဆိုလိုသည်မှာ သူမ သေဆုံးကွယ်လွန်သွားခဲ့ပြီ ဆိုခြင်းပင်ဖြစ်သည်။ ငါသည် မပျော်ရွှင်နိုင်သော (သို့မဟုတ်) ပျော်ရွှင်ရန် တုံ့နှေးသော လူတစ်ယောက် ဖြစ်နေခဲ့သည်။ ထိုနေ့က ငါ့ဇနီးသည် ဈေးသို့သွား၍ မုန်လာဥတစ်တွဲကို ၀ယ်ယူလာခဲ့သည်။ ပန်းမုန်လာတစ်ပွင့်ကို ၀ယ်ယူလာခဲ့သည်။ ထို့အပြင် ငါကြိုက်နှစ်သက်တတ်သော မြေပဲသီးများကိုလည်း အခွံ တချွတ်ချွတ်ခွာ၍ ကုလားထိုင်မှာထိုင်ရင်း တဂျွတ်ဂျွတ် စားနေခဲ့သည်။ ငါ့ဇနီးသည် မီးဖိုချောင်ထဲတွင် မုန်လာဥများကို ဆေးကြောသန့်စင်ကာ ဓားဖြင့် လှီးဖြတ်နေသည်။ ပန်းမုန်လာပွင့်ကို အခက်အလက်လေးများ လှီးသည်။ ငါက ရောင့်ရဲတတ်သူ ဖြစ်သလို အကောင်းကြိုက်တတ်သူလည်း ဖြစ်နေပြန်သေးသည်။ မုန်လာချဉ်ဆိုလျှင် မုန်လာဥနှင့်အတူ ပန်းမုန်လာ၊ ပဲပိုးတီ စသည်တို့ကိုပါ ထည့်သွင်း၍ အချဉ်တည်သည်ကိုမှ ငါက ပို၍ကြိုက်နှစ်သက်သည်။ ဤအကြောင်းကို ငါ့ဇနီးက သိရှိထားပြီးဖြစ်သည်။ ဤကမ္ဘာ၌ ငါ့အကြောင်းကို ငါကိုယ်တိုင်ထက်ပြီးလျှင် အသိနားလည်ဆုံးမှာ ငါ့ဇနီးပဲဖြစ်လိမ့်မည်ဟု ငါထင်သည်။ ငါ့မိုက်မဲမှု၊ ငါ့အရည်အချင်း၊ ငါ့အသုံးမကျပုံ၊ ငါ့ကျွမ်းကျင်မှု၊ ငါ့ရယ်သံ၊ ငါ့မျက်ရည်၊ ငါ့အချည်းနှီးဖြစ်မှု၊ ငါ့ယုံကြည်မှု အားလုံး ငါ့ဇနီးက တော်တော်များများ သိထားသည်ဟု ငါထင်သည်။ ငါ့ဇနီးသည် ငါ့ထက် အတန်အသက်ကြီးပါသည်။ ထို့ကြောင့်ပင် သူ့ကို ငါက ပို၍လေးစား ချစ်ခင်မြတ်နိုးခဲ့သည် ထင်သည်။ ငါ နားမထောင်သော်လည်း၊ ငါ မလိုက်နာသော်လည်း ငါ့ကို ဆုံးမစကားဆန်ဆန် မကြာမကြာပြောတတ်သူမှာ ငါ့ဇနီးပင်ဖြစ်သည်။ ငါသည် ငါ့ဇနီးကို ပိုင်ဆိုင်ရခြင်း၌ အတိုင်းမသိ ၀မ်းမြောက်ရခြင်း ဖြစ်ခဲ့ဖူးသည်။ သို့ရာတွင် ငါတို့နှစ်ဦးသည် အခြားသော ဇနီးမောင်နှံများနည်းတူ ခိုက်ရန်ဖြစ်ပွား စကားများခြင်းလည်း ရှိတတ်သလို တစ်ဦးနှင့်တစ်ဦး ပြန်လည်သင့်မြတ်၍ ဘ၀ထုပ္ပတ်ကို ကျင်လည်ကြမြဲပင် ဖြစ်သည်။ မင်းတို့ကို ငါ ပြောပြရဦးမည်။ ထိုနေ့က ငါ့ဇနီးသည် လှီးဖြတ်ထားသော မုန်လာဥဖွေးဖွေးများကို ပုလင်းကလေး၏ ဖန်သားကိုယ်ထည်ထဲသို့ ထည့်သွင်းနေခဲ့သည်။ အကောင်းကြိုက်တတ်သော ငါ့အတွက် ပန်းမုန်လာခက်ကလေးများကိုလည်း ရောနှောထည့်သွင်းခဲ့သည်။ ငါ့ဇနီးသည် နံနက်စောစောပိုင်း ထမင်းတစ်အိုး ချက်ရာက ရရှိသော ထမင်းရည်ကို သိမ်းဆည်းထားရာမှ ပုလင်းကလေးထဲသို့ လောင်းထည့်ခဲ့သည်။ မုန်လာချဉ်ပုလင်းကလေးကို သူမ စတင်ပြုလုပ်နေပေပြီ။ ထိုနေ့ရက်များသည် ငါ့ဇနီးအတွက် နောက်ဆုံးရရှိသော နေ့ရက်များ ဖြစ်နေခဲ့သည်ကို ငါတို့ မသိခဲ့ကြ။ သို့ရာတွင် များမကြာမီ၌ အမည်းရောင်အရိပ်ကြီးသည် ငါတို့ အိမ်ကလေးထဲသို့ ထိုးကျလာသည်ကို ငါတို့ မသိချင်၍ မရတော့ပြီ။

မင်းတို့ကို ငါ ပြောပြရဦးမည်။ ထိုနေ့က မုန်လာချဉ်ပုလင်းကလေးကို အိမ်ရှေ့ဝိုင်းကွက်လပ်ရှိ နေရောင်ခြည်ထဲတွင် သူမက ထားရှိခဲ့သည်။ နံနက်ခင်းပိုင်းက ဖြူဆွတ်ဆွတ် မုန်လာဥများသည် နေ့လယ်ခင်းကို ကျော်လွန်လာခဲ့သောအခါ အဖြူရောင်မှာ ဖျော့တော့စ ပြုလာခဲ့သည်။ ညနေစောင်းချိန်ခန့်သို့ ရောက်သောအခါ မုန်လာချဉ်ပုလင်းကလေးထဲတွင် လေပူဖောင်းကလေးများ ပလုံစီကာ အပေါ်ယံမျက်နှာပြင်သို့ တက်လာသည်ကို မြင်ကြရသည်။ မုန်လာချဉ်ပုလင်းကလေးသည် တစ်နာရီထက်တစ်နာရီ၊ တစ်မိနစ်ထက် တစ်မိနစ် ရှေ့ကိုသွားနေသည်။ ဆိုလိုသည်မှာ မုန်လာချဉ်ပုလင်းကလေးသည် သူ့ကိုယ်သူ မုန်လာချဉ်အဖြစ်သို့ ရောက်ရှိရန် ကြိုးစားနေသည့်နှယ်ပင် ဖြစ်သည်။ ညသို့ရောက်သောအခါ ငါ့ဇနီးသည် မုန်လာချဉ်ပုလင်းကလေးကို မီးဖိုချောင် ကြောင်အိမ်အပေါ်တွင်တင်ကာ သိမ်းထားလိုက်သည်။ ငါ သိသည်။ မကြည့်မြင်ပေမဲ့ ငါ ကောင်းစွာသိသည်။ မီးဖိုချောင် အမှောင်ထုထဲတွင် မုန်လာဥချဉ်ပုလင်းကလေးသည် လေပူဖောင်းတို့ ပလုံစီကာ တင်နေလိမ့်ဦးမည်သာ။

မင်းတို့ကို ငါ ပြောပြရဦးမည်။ နှစ်ရက်၊ သုံးရက်ခန့်အကြာတွင် ငါ့ဇနီး ပြုလုပ်သော မုန်လာချဉ်ပုလင်းကလေးသည် မုန်လာချဉ်ပုလင်းအဖြစ်သို့ ကောင်းစွာရောက်ရှိလာခဲ့သည်။ ထိုနေ့ရက်များသည် ငါ့ဇနီး စတင်နာမကျန်းဖြစ်သော နေ့ရက်များ ဖြစ်လာခဲ့သည်။ ငါသည် မပျော်ရွှင်နိုင်တော့ချေ။ ငါ့ဇနီးသည် ထမင်းစားပွဲတွင် အခြား ဟင်းအမည်များနှင့်အတူ မုန်လာချဉ် ပုလင်းကလေးကို ဖွင့်ကာ ၀ါးတူတစ်စုံဖြင့် ညှပ်ကာ မုန်လာချဉ်ဖတ်များကို ငါ့အား စားစေခဲ့သည်။ ဤမုန်လာချဉ်ဖတ်ကလေးများထဲ၌ ငါ့ဇနီးသည် ငါ့အပေါ် သူအလိုက်လျောနိုင်ဆုံး၊ နားအလည်ပေးနိုင်ဆုံးနှင့် ထားရှိနိုင်ခဲ့သော သံယောဇဉ်အားလုံးတို့ ပါဝင်နေခဲ့သလိုပင် ရှိခဲ့သည်ဟု နောင်သောအခါ ငါ ပြန်လည်ဆင်ခြင်မိ၊ အမှတ်ရမိခဲ့ပါသည်။ မုန်လာချဉ်ဖတ်များက ကောင်းစွာ အရသာရှိပါ၏။ သို့ရာတွင် ငါ နှုတ်မမြိန်တော့။ နောက်ကျိသော နို့နှစ်ရောင်အရည်များထဲက မုန်လာချဉ်ဖတ်ကလေးများသည် ဖန်ပုလင်းကလေးထဲတွင် ငြိမ်သက်လျက် ရှိပါသည်။ ထိုနေ့ရက်က စားသောက်ခဲ့သော ညစာသည် ငါတို့နှစ်ဦး အတူတကွ စားသောက်ခဲ့သော နောက်ဆုံးညစာပင် ဖြစ်လိမ့်မည်။

မင်းတို့ကို ငါ ပြောပြရဦးမည်။ ငါသည် သူ့ကို ဆုံးရှူံးရတော့မည်။ နာမကျန်းသော ငါ့ဇနီးသည် ငါ့ကို သူ့အနီးအပါးမှာပဲ နေစေခဲ့တော့သည်။ ဝေးဝေးတစ်နေရာက ကြေကွဲဖွယ်ကောင်းသော ထရမ်းပက်မှုတ်သံကို ငါ ကြားယောင်မိသည်။ ညညဆိုလျှင် ငါ ကောင်းစွာအိပ်စက်မရ။ ဆေးအရှိန်ဖြင့် မိန်းမောကာ အိပ်ပျော်နေသော ငါ့ဇနီးသည်၏ မျက်နှာကိုကြည့်ကာ ငါ အဆုံးအရှူံးမခံနိုင် ဖြစ်မိသည်။ သို့ရာတွင် မဖြစ်နိုင်။ ငါ့ဇနီး၏ ခန္ဓာကိုယ်မှ အသားစကို ထုတ်ယူ၍ ဓာတ်ခွဲစစ်ဆေးကြည့်ခဲ့ပြီးပြီ။ သို့ရာတွင် မဖြစ်နိုင်။

မင်းတို့ကို ငါ ပြောပြရဦးမည်။ မီးဖိုချောင် ကြောင်အိမ်ထက်တွင် တင်ထားသော မုန်လာချဉ်ပုလင်းကလေးသည် ပို၍ပို၍ နောက်ကျိလာခဲ့သည်။ သူ ရှေ့ကို ဆက်သွားနေသည်။ ဖြူရော်ရော် အမြှုပ်တို့ကို ထားခဲ့သည်။ ခပ်ရိုင်းရိုင်း အနံ့စူးစူးကို ရသည်။ ငါသည် မုန်လာချဉ်ပုလင်းကလေး၏ အချည်းနှီးဖြစ်ရပုံကို မြင်နေမိသည်။ ငါ့ဇနီးက ငါ့ကို သိပ်ချစ်မြတ်နိုးသော အချိန်ကာလတစ်ခုကား ကျရောက်လာခဲ့လေပြီ။ ၀ါကျင်ဖျော့တော့သော သူ့လက်ဖမိုးကို ကိုင်ကာ ပြဇာတ်တစ်ပုဒ်ထဲက သရုပ်ဆောင်လို ငါ နမ်းရှုံ့ခဲ့မိသည်။ ငါ့လက်မောင်းကို သူက တင်းတင်းဆုပ်ထားသည်။ မင်းတို့ကို ငါ ပြောပြရဦးမည်။ မုန်လာချဉ်ပုလင်းကလေးသည် ရှေ့ကို ဆက်သွားနေလေ၏။

၂၀၀၅၊ ၆၊ ၄ (ညနေ ၃ နာရီ)

စတိုင်သစ် – စက်တင်ဘာ၊ ၂၀၀၅။

(ဇာတိရပ်ရွာပြန်ရောက်တဲ့အခါ – နေမျိုး။ ဇူလိုင် – ၂၀၀၈၊ လင်းသစ်ရောင်စဉ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s