လမ်းအိုလေး

Løøps of Resistance …

ပေါ်ဦးသက် ထရမ်းပက်ဝယ်ခြင်း (ခင်မောင်ရင်)

2 Comments

ပေါ်ဦးသက် ထရမ်းပက်ဝယ်ခြင်း (ခင်မောင်ရင်)

(၁၉၃၆ - ၁၉၉၃)

“တစ်ဖက်သားကို ချမ်းမြေ့စေ … ဖော်ရွေသော မျက်နှာလေးတွေ … အကြင်နာရောင် သန်းကာလေ … အလှပန်းပွင့်ပါတဲ့မေ …”

ကျွန်တော်သည် (၂၄)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ တိုက်ခန်းပေါ်သို့ လှေကားအတိုင်း တက်လာသည့်အခါ ပေါ်ဦးသက် သီချင်းဟစ်နေသံကို ကြားရသည်။ ထုံးစံအတိုင်း သူသည် မြို့မငြိမ်းသီချင်းများကို သီဆိုလေ့ရှိသည်။ ဧကန္တ၊ သူ ပန်းချီဆွဲနေသည်ဖြစ်မည်။ ကျွန်တော်သည် အခန်းတံခါးကို ဖွင့်ပြီးဝင်လိုက်၏။ သူသည် သီချင်းဆိုနေသည်ကို မရပ်ဘဲ သူဆွဲနေသည့် ပန်းချီကားကို ဆက်လက်၍ ဆွဲနေ၏။ “မနက်ဖြန် ပေးရမယ့် ပန်းချီကား ဆယ်ကားလုံး ပြီးပြီလား။”

“ကိုးကားပြီးပြီ။ တစ်ကားပဲ ကျန်တော့တယ်။” သူသည် ကျွန်တော့်အားကြည့်၍ ပြုံးနေသည်။

“ဒါဖြင့် အဲဒီဆီဆေးကားက ဘာလုပ်ဖို့တုန်း”

“ကိုယ်ဆွဲချင်လို့ ဆွဲတာ။ လူများမှာတာတွေ ငြီးငွေ့လို့။”

“တစ်ခုတည်းကျန်တာ ပြီးအောင်လုပ်လိုက်ပါလား။”

“စိတ်ချပါ။ ပြီးအောင်လုပ်မှာပါ။ စိတ်လွတ်လပ်သွားအောင် ခဏလေး ပြောင်းလုပ်တာ။ မင်းက ပန်းချီဆွဲတာကို စက်ရုပ်လို မှတ်နေလား။”

“မမှတ်ပါဘူး။ ကဲ … ကဲ ပြီးအောင်လုပ်”ဆိုပြီး နောက်ဖေးသို့ ကျွန်တော် ခဏ၀င်လိုက်၏။ ထိုအခါ လူတစ်ယောက် ၀င်လာသည်ကို ကျွန်တော်ကြားလိုက်ရ၏။ ထိုသူ မည်သူမည်ဝါ ဆိုသည်ကို ကျွန်တော်မသိသေးပါ။

ကျွန်တော် နောက်ဖေးက ထွက်လာပြီးသောအခါ အားကစားဂျာနယ် ထုတ်ဝေသည့် ကိုညွှန့်ဝေ ဖြစ်နေ၏။ ပေါ်ဦးသက်က ကိုညွန့်ဝေအား လက်ဖက်ရည်သောက်ရန် ပြောနေ၏။ ထိုအခါ ကျွန်တော်သည် ကိုညွန့်ဝေအား နှုတ်ဆက်လိုက်၏။ ထို့နောက် ပေါ်ဦးသက်အား လှမ်းမေးလိုက်၏။

“နင် ထမင်းစားမှာလား။ ငါ ၀ယ်ခဲ့ရမှာလား။”

ထိုအခါ ပေါ်ဦးသက်က “ငါ့အတွက် ထမင်းတစ်ပွဲနဲ့ အခေါက်ကင်ဆို တော်ပြီ” ပေါ်ဦးသက် ထိုသို့ပြောပြီး ကိုညွန့်ဝေအား “လက်ဖက်ရည်ဆိုင်ကို သွားရအောင်”ဟု ပြောလိုက်၏။ ကျွန်တော်သည် ပေါ်ဦးသက်အား စိုက်ကြည့်နေ၏။

ထိုအခါ ပေါ်ဦးသက်က “ငါ ကိုညွန့်ဝေနဲ့ လက်ဖက်ရည်ဆိုင် ခဏသွားမယ်။ ခဏလေးပါ သိပ်မကြာပါဘူး။ ဟဲဟဲ”ဟုပြောရင်း ကိုညွန့်ဝေပါခေါ်ရင်း လက်ဖက်ရည်ဆိုင် ထွက်သွား၏။ သူဆွဲလက်စ ပန်းချီကားကို စိုက်ကြည့်ရင်း ကျန်ခဲ့၏။ ထိုကားသည် အနီရောင်၊ လိမ္မော်ရောင်နှင့် ပြည့်နှက်နေသော ညနေဆည်းဆာပင်လယ် ဖြစ်၏။ ပင်လယ်သည် အလွန်ကျယ်ပြန့်၏။

တရုတ်တန်းရှိ ၀ူချော့ကီဆိုင်တွင် ကျွန်တော်သည် ထမင်းတစ်လုံးနှင့် အသားကင်စား၍ အပြီးတွင် ပေါ်ဦးသက်အတွက် ထမင်းတစ်လုံးနှင့် အခေါက်ကင်တို့ကို ယူလာ၏။ ဆိုင်ထဲ၌ ဆူညံနေသော အသံကို ကြားရ၏။ ထို့နောက် (၂၄)လမ်းအတိုင်း ကမ်းနားဘက်သို့ လျှောက်လာ၏။ ပေါ်ဦးသက်အတွက် ညနေစာပါ ယူလာ၏။ အခန်းသို့ ပြန်ရောက်သောအခါ ပေါ်ဦးသက်နှင့် ကိုညွန့်ဝေ ပြန်ရောက်နေ၏။ သူတို့နှစ်ဦး အလုပ်ကိစ္စအကြောင်းများကို ပြောနေ၏။ ထို့နောက် ပေါ်ဦးသက် ကျွန်တော့်ဘက်လှည့်၍ မေး၏။

“ဒီပန်းချီ မကြိုက်ဘူးလား”

ကျွန်တော်က “ကြိုက်ပါတယ် … ကိုညွန့်ဝေ စားပြီးပြီလား။”ဟု ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့၊ စားပြီးပါပြီ။” ထို့နောက် ကျွန်တော်သည် ပေါ်ဦးသက်စားရန် အထုပ်ကို စားပွဲပေါ် ဖြည်ထားလိုက်၏။ ပေါ်ဦးသက် စားနေရင်း ကိုညွန့်ဝေ နှုတ်ဆက်ပြီး ပြန်သွားသည်။ ခဏနေ တယ်လီဖုန်းလာသောအခါ ကျွန်တော်ကောက်ယူ၍ နားထောင်လိုက်၏။ ထိုအခါ ပေါ်ဦးသက်၏ဖုန်း ဖြစ်နေ၍ သူ့ကို ခေါ်ပေးလိုက်၏။ “မနက်ဖြန် စာအုပ်အဖုံးရမယ်”ဟု ကိုချော ကတိပေးလိုက်သံ ကြားလိုက်ရ၏။ ပေါ်ဦးသက် ဖုန်းချပြီးသောအခါ ထမင်းပြန်စား၏။

“ပုံတစ်ပုံတည်း ကျန်တာ။ ဒီနေ့ည ပြီးအောင်လုပ်။”

“အေးပါ၊ ဒီနေ့ည ပြီးမှာပါ။” သူရေးဆွဲပြီးသော ပုံကိုးပုံကို ကျွန်တော် ကြည့်နေလေ၏။

သူက “ဘယ့်နှယ်လဲ။ အားလုံးကြိုက်တယ်မို့လား” သွားဖြဲပြီး ပြော၏။ ထိုအခါ ကျွန်တော်က “ကြိုက်ပါ့”ဟု အလိုက်သင့် ပြန်ပြောလိုက်ရ၏။

ပေါ်ဦးသက် ထမင်းစားပြီး၍ သိမ်းဆည်းပြီးသောအခါ သူဆွဲနေသည့်ပုံကို ဆက်ဆွဲပြန်လေသည်။

“အချစ်နဲ့ထွန်းညှိထားသောလေ … မျက်လုံးလေးတွေ ၀င်းပကြည်လင်လို့နေ အပြုံးလေးဆင်ယှဉ် နှုတ်ခမ်းနီလွင်လေးတွေ ခွန်းသံမိန့်နိုး မြတ်နိုးသူမှာလေ … တစ်ကိုယ်တည်း မှန်ထဲကမေ … သူကတော့ ကိုယ့်ကိုပြုံးခိုင်းလို့လေ …”

“ပြုံးခိုင်းချင်ခိုင်း မခိုင်းချင်နေ ပန်းချီကား ပြီးအောင်ဆွဲ”

“ပြီးပါတယ်ကွာ။ ဘယ်အချိန် ကိုယ့်အလှည့်လည်မလဲ … မျှော်လင့်ရင်း စောင့်ကာနေမိပေ …”

နောက်တစ်နေ့မနက် ပန်းချီကားအပ်ထားသူလာ၍ သူ့အား ပိုက်ဆံ ၇၅၀ ပေးကာယူသွား၏။ ပေါ်ဦးသက် အလွန်ပျော်ရွှင်နေ၏။

နေ့ခင်း ကျွန်တော်အပြင်သွားပြီး ပြန်လာသောအခါ ပေါ်ဦးသက် ပို၍ပျော်နေ၏။ ၀ူချော့ကီထမင်းဆိုင်နံဘေးရှိ ပဒေသာစတိုးဆိုင်မှ ထရမ်းပက်တစ်ခု ရောင်းရန် ပြထားသည်မှာ ကြာပြီ။ ထိုထရမ်းပက်ကို သူဝယ်လိုက်၏။ ရှစ်ရာ ပေးရသည်ဟု ကျွန်တော့်အားပြော၏။ ကျွန်တော် အလွန်ဒေါသထွက်၏။ ထိုထရမ်းပက်ကို ရှစ်ရာလည်း ပေးရ၏။ ဆူညံသော အသံတို့ဖြင့် ကျွန်တော်တို့အား နှောင့်ယှက်၏။ သူ၏ ထရမ်းပက်သံကို ကျွန်တော်တို့ သည်းခံပြီး နားထောင်နေရ၏။

မန္တလေးရောက်သောအခါ သူ့မိန်းမပြောသံကို ကြားလိုက်ရ၏။

“ငါက ခေါင်းအုံးစွပ် အရင်းထဲထည့်ဖို့ ရည်ရွယ်နေတာ။ အခုတော့ သူက အဲဒီပိုက်ဆံနဲ့ ထရမ်းပက်ဝယ်လိုက်တယ်။ ငါနည်းနည်းမှ မကျေနပ်ဘူး”

ထိုအခါ ပေါ်ဦးသက်သည် သွားကြီးဖြဲ၍ ‘ဟဲဟဲ’ ရယ်နေ၏။

ပန်၊ စက်တင်ဘာလ၊ ၂၀၀၆

Many Thanks: NangNyi

(အနုပညာ … စာ – ခင်မောင်ရင်။ The Key Publishing House – ဇန်န၀ါရီ၊ ၂၀၁၀)

2 thoughts on “ပေါ်ဦးသက် ထရမ်းပက်ဝယ်ခြင်း (ခင်မောင်ရင်)

  1. ကျေးဇူးတင်စကားလေးတောင် မထည့်ဘူး.. ဗြဲ.. 😛

  2. ပေါ်ဦးသက်….အင်း…ထိုက်ထိုက်တန်တန်ကြယ်တစ်ပွင့်ငါငေးကြည့်ရပေါ့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s