လမ်းအိုလေး

Løøps of Resistance …

နှောင်းမှပြောင်းတတ်သော အချစ်တစ်မျိုး (မြင့်သန်း)

1 Comment

တို့များအချစိအကြောင်း ပြောဖြစ်တဲ့အခါ … (မြင့်သန်း) - Cover Artဘဲမနဲ့တွေ့တယ်။ သာသနာပြုကျောင်းမှာ နေတုန်းက သူ့နာမည်က ဘယ်လမီ။ ငြိမ်းမောင်နဲ့ ကျွန်တော်က သူ့ကို ဘဲမလို့ခေါ်ကြရင်းက ဘဲမလို့ နာမည်တွင်သွားတာ၊ ကျွန်တော်တို့ သုံးယောက်သားက ငယ်ငယ်တည်းက ကျောင်းသွားအတူတူ၊ ကြီးလာတော့ ကျောင်းပြေးတာ အတူတူ။ ကျောင်းပြေးရင် ကျွန်တော်တို့က သူ့ကို မပါစေချင်ဘူး။ ငါပါ ကျောင်းမပြေးရရင် တိုင်ပြောမယ်ဆိုတာနဲ့ ကျွန်တော်တို့ ကျောင်းပြေးတဲ့အခါ ကန့်လန့် ကန့်လန့်နဲ့ သူပါလာတာ။ မိဖတွေကလည်း ရင်းကြတော့ ကျွန်တော်တို့က မောင်နှမတွေလိုပဲ။ ပိုဆိုးတာကတော့ သူ့ကို မောင်နှမတွေထက်ပိုပြီး သဘောထားကြည့်လို့ မရတာပဲ။ ငြိမ်းမောင်ကို ကျွန်တော်က မေးဖူးတယ်၊ မင်း ဘဲမကို မကြိုက်ဘူးလားလို့။

ငြိမ်းမောင်က ပြန်ဖြေတယ်။ ငါ့ဘဝမှာ အမေတစ်ယောက်ဆို လုံလောက်ပြီ။ နောက်ထပ် ဆုံးမမယ့်လူ မလိုချင်ဘူး။ မင်းက ဘဲမကို ကြိုက်လို့လား။ မင်းသာ ဘဲမကိုယူမယ်ဆိုရင် ငါရမယ့်အမွေထဲက တစ်ဝက်ပေးမယ်တဲ့။ ကျွန်တော်ကလည်း သူ့လို့ပဲ။ ငါ့အိမ်လောက် စည်းကမ်းကလနားများတာ မရှိဘူးထင်တယ်။ ဘဲမကို ကြိုက်တယ်ဆိုတာနဲ့ နောက်ထပ် စည်းကမ်းကလနားတွေ၊ ဘဝအတွက် တိုးတက်ရာတိုးတက်ကြောင်း လမ်းညွှန်တွေ များလာမှာ။ ငါနဲ့တော့ မဖြစ်ဘူး။ ဘဲမကို မကြိုက်ပေမယ့် မင်းအမွေတစ်ဝက်တော့ လိုချင်သားလို့ ဖြေလိုက်ဖူးတယ်။ တစ်နေ့တော့ ဘဲမကို အဲဒီအကြောင်း ကျွန်တော်တို့ ပြောပြလိုက်တယ်။ နင်တို့ ငါ့ကို ဒီလောက်မုန်းသလားလို့ သူက ပြန်မေးတယ်။ ငြိမ်းမောင်က ဖြေတော့မယ်လို့ လုပ်နေတုန်း ကျွန်တော်က ကြားဝင်ပြီး၊ နင့်ကိုမုန်းလို့ မဟုတ်ဘူး။ ချစ်လို့ပါ။ တကယ်ချစ်တာပါ။ ချစ်လို့ နင့်ကို လင်ကောင်းသားကောင်း ရစေချင်လို့ပါလို့ ဖြေလိုက်တယ်။ ဒီတော့မှ၊ သူက သူ့ဖက်က တွေးပြီးကြောက်နေတာ တစ်ခုဖွင့်ပြောတယ်။ တစ်ကြောင်းကြောင်းကြောင့်၊ နင်တို့ တစ်ယောက်ယောက်နဲ့သာ ညားရင် ငါတစ်ဘဝလုံး ဦးတည်ရာမဲ့နဲ့ ရေစုန်မြောမှာပဲလို့ တွေးပူတယ်တဲ့။ နင်တို့နှစ်ယောက်စလုံးမှာ၊ ဘာဦးတည်ချက်မှ မရှိဘူး၊ ဘဝအတွက် ဘာအစီအစဉ်မှ မရှိဘူး။ တစ်ခါတလေ အဲဒီအကြောင်းတွေများ တွေးမိရင်၊ အိပ်တောင်မပျော်ဘူးတဲ့။ ဒီတော့ ငြိမ်းမောင်က ဝင်ပြောတယ်။ စိတ်ချမ်းချမ်းသာသာ နေပါဟာ၊ နင့်ကို ငယ်သူငယ်ချင်းအနေနဲ့ စောင့်ရှောက်ပြီး နင့်ဖက်က ရပ်တည်ရုံကလွဲလို့ တို့ရဲ့ လွင့်မြောနေတဲ့ ဘဝကြီးဟာ နင့်ကြောင့် အခြေတကျပြန်ဖြစ်ပြီး ပျက်စီးမသွား စေချင်ဘူးတဲ့။

ဆယ်တန်းလောက်ရောက်တော့ ဘဲမက သိသိသာသာချည်း လှလာတယ်။ လိုက်ကြိုက်တဲ့အကောင်တွေ များလာတယ်။ သူက ကျွန်တော်တို့ကို ခုတုံးလုပ်ပြောတာတွေ ရှိပေတဲ့ ကျွန်တော်တို့ကတော့ သူ့ကို လိုက်ကြိုက်တဲ့ အကောင်တွေကို မြှောက်ပေးတယ်။ သူ့ကို စာမပေးရဲတဲ့ကောင်တွေဆီက စာတွေ ကျွန်တော်တို့က ယူသွားပြီး ပေးပေးတယ်။ ပြီးတော့ သုံးယောက်သား ထိုင်ဖတ်ပြီး ဟားကြတယ်။ သူ့မွေးနေ့ ဘယ်နေ့ရယ်ဆိုပြီး သူ့ကို ကြိုက်တဲ့ကောင်တွေကို ကြိုပြောပြီး သူ့အတွက်လက်ဆောင်ပေးတဲ့ ချောကလက်တို့ ဘာတို့ကို ကျွန်တော်တို့က မြီးကြည့်၊ ဟန်ကိုကျလို့။ သူကလည်း ပျော်ပျော်ပဲ။ စိတ်မဆိုးရှာဘူး။ ဘယ်လိုမှန်းတော့ မသိဘူး။ ဆယ်တန်းဖြေပြီးတာနဲ့ သူ့ဆံပင်ကို ဖရင့်(ချ)ရိုး စထုံးတယ်။ အဲဒီတုန်းက ကောင်မလေးတော်တော်များများဟာ ဆံပင်ဖားယားလေးတွေ ချတဲ့အချိန်၊ ခုမှ နင့်ကိုကြည့်လိုက်ရင် အသက် ငါးဆယ့်ငါးနှစ်လောက် ထင်လိုက်ရတယ်လို့ ကျွန်တော်တို့ကပြောတော့၊ ဘဲမက သိပ်မကြိုက် လှဘူး။ အောင်စာရင်းတွေ ထွက်တော့မှ သူ့ရည်ရွယ်ချက် ပေါ်တယ်။ သူက ဘီအီးဒီ တက်မှာ။ ကျောင်းဆရာမ လုပ်မှာတဲ့။ အရင်က အဲဒီလို သူပြောတိုင်း ကျွန်တော်တို့ နှစ်ယောက်က နောက်တယ်လို့ထင်ကြတာ။ တကယ်တန်းကျတော့လည်း သူ့ကို ဘီအီးဒီ မတက်စေချင်ဘူး။ ဘဲမက စာတော်တာတော့ အမှန်ပဲ။ ဆေးကျောင်းတို့ ဘာတို့ရနိုင်တယ်။ ဒါပေမဲ့ ဘယ်သူကမျှ ဖျောင်းဖျလို့ မရဘူး။ ငါက ဆရာမပဲ လုပ်ချင်တယ်။ လုပ်ချင်တာက အထက်တန်းကျောင်းမှာ။ နင်တို့နှစ်ယောက်နဲ့ အတူကြီးရတော့၊ ကလေးတွေကို နင်တို့လို ဦးတည်ရာမဲ့ အတွေးမျိုးနဲ့ မကြီးစေချင်ဘူးတဲ့။ အဲဒီတုန်းက၊ ငြိမ်းမောင်က စိတ်ဆိုးပြီး နင်၊ ချက်အောက်ထိုးတာပဲ။ ဖရီးကစ်ပဲလို့တောင် ပြောသေးတယ်။ သူပြန်ပြောတာတစ်ခုကို ခုထိ၊ ကျွန်တော် သတိရနေသေးတယ်။ နင်တို့ နှစ်ကောင်ဟာ ချောက်ကမ်းပါးစပ်မှာ လျှောက်နေရင်း အောက်ကို ပြုတ်ကျမသွားတာကိုပဲ၊ ဘာလို့များ အောက်ကို ပြုတ်မကျသေးပါလိမ့်လို့တွေးပြီး သာယာနေတဲ့ လူမျိုးတွေ။ ငါက ချောက်ကမ်းပါးကို တံတားပေါ်ကပဲ ဖြတ်ချင်တာ။ တံတားမရှိရင် တံတားဆောက်မယ်။ အဲသလို ကွာတယ်လို့ ပြောဖူးတယ်။ အဲဒီတုန်းက၊ ကျွန်တော်က ပြောလိုက်တယ်။ ဒါကြောင့် နင့်ကို တို့နှစ်ယောက်က ချစ်တာလို့။

ဘဲမနဲ့ကျွန်တော် လူချင်းမတွေ့ရတာကြာပြီ။ တစ်နှစ်က ရန်ကုန်ရောက်တော့ ငြိမ်းမောင်က ဖုန်းလှမ်းဆက်ပေးလို့ စကားပြောရတယ်။ သူက နယ်မှာ ကျောင်းအုပ်ကြီး၊ ဘာကြီးညာကြီး၊ ဖြစ်ပြီးပျော်နေတာ။ ခုတော့၊ ရန်ကုန်ပြန်လာဖို့ ခေါ်ထားတယ်ဆိုသလားပဲ။ လူချင်းတော့ တွေ့ချင်သေးတယ်ဟာလို့ ဝမ်းနည်းသလိုအသံမျိုးနဲ့ ပြောတယ်။ တွေ့ကြဦးမှာပေါ့ဟာလို့ပဲ ကျွန်တော်လည်း ပြောလိုက်မိတယ်။ ဖုန်းပြောပြီးသွားတော့ ဘဲမတစ်ယောက် ယောက်ျားရပြီလားလို့ ငြိမ်းမောင်ကို မေးလိုက်မိတယ်။ အဲဒီတုန်းက၊ အနားမှာရှိနေတဲ့ မင်းဆွေက မင်းတို့မှ မယူလို့ကတော့ ဘဲမတစ်ယောက် ဘယ်မှာယောက်ျားရတော့မှာလဲလို့ ပြောလို့ရယ်ကြသေးတယ်။ မနေ့မနက်က၊ မိန်းမက မနက်စောစော ဘုရားတက်ပြီး၊ မုန့်ဟင်းခါးသွားစားဦးမယ်လို့ ပြောတယ်။ ဘုရားတက်တာရော၊ မုန့်ဟင်းခါးစားတာရောက ကျွန်တော်နဲ့ ပါဏုပေတံ သိပ်ရင်းနှီးတဲ့ကိစ္စ မဟုတ်ဘူး။ သူနဲ့ သူ့ရဲ့ အမျိုးသမီး သူငယ်ချင်းတို့ သွားဖို့စီစဉ်ထားပြီး၊ သွားကြတယ်။ ကျွန်တော်လည်း မနက်စာစားပြီး ဟိုတယ်ရှေ့ လမ်းကိုဖြတ်၊ အင်းလျားကန်ဘောင်ရိုးပေါ် တက်လာခဲ့မိတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ အင်းလျားကန်ဘောင်ရဲ့ တခြားအစွန်းဖက်၊ အင်းလျားရိပ်သာရှိတဲ့ဆီမှာ ကျွန်တော်တို့ သုံးယောက်သား မကြာခဏထိုင်ပြီး လေပစ်ခဲ့ကြဖူးတာ၊ သတိရလိုက်မိတယ်။ မသိစိတ်ရဲ့ စေ့ဆော်မှုပဲလားတော့ မသိဘူး၊ ကန်ဘောင်ရိုးပေါ်ရောက်တော့ ခဏထိုင်ဦးမယ်လို့ စိတ်ကူးရပေတဲ့၊ မြက်တွေက စိုထိုင်းထိုင်းဖြစ်နေလို့ မထိုင်ဘဲ မတ်တပ်ရပ်ရင်း ကြုံရာငေးနေမိတယ်။ အတော်ကလေးကြာတော့ တက္ကသိုလ်ရိပ်သာလမ်းဖက်ဆီက လူနှစ်ယောက်လျှောက်လာတာ သတိထားလိုက်မိတယ်။ မလှမ်းမကမ်းရောက်တော့၊ ထရက်ဆု ဝတ်ထားတဲ့ အမျိုးသမီးနှစ်ယောက်မှန်း သိလိုက်ရတော့၊ ကျွန်တော်လည်း မတ်တပ်ရပ်နေတဲ့ နေရာက အသာနောက်ဆုတ်ပြီး လမ်းဖယ်ပေးလိုက်မိတယ်။ သူတို့လည်း အရှိန်မလျှော့ပဲ ကျွန်တော့်ရှေ့က ဖြတ်လျှောက်သွားကြရင်း ကျေးဇူးတင်တယ်ဆိုတဲ့သဘောနဲ့ အသာပြုံးသွားကြတယ်။ လေး၊ ငါးလှမ်း ကျွန်တော့်ရှေ့က ကျော်သွားပြီးမှ ကျွန်တော်လည်း သူတို့ကို လှမ်းကြည့်လိုက်ရင်း ပါးစပ်က “ဟဲ့၊ ဘဲမ” လို့ အသံထွက်သွားမိတယ်။ အမျိုးသမီးတစ်ယောက်က ရပ်လိုက်ပြီး လှည့်ကြည့်တယ်၊ ဟုတ်တယ်၊ ဘဲမရယ်။

သူက ကျွန်တော် ရပ်နေတဲ့ဆီ ပြန်လှည့်လာတယ်။ အနားရောက်တော့မှ “ဟယ်၊ နင်က အရင်အတိုင်းပဲ” လို့ ပြောပြီး သူ့ထုံးစံအတိုင်း ကျွန်တော့်ပါးကို လက်နဲ့ အသာဆွဲဆိတ်တယ်။ သူနဲ့ အတူပါလာတဲ့ အမျိုးသမီးလေးကတော့ သူ့ထက် အတော်ငယ်တယ်။ ကျွန်တော်ကပဲ “ဒါ နင့်သမီးလား” လို့ မေးလိုက်တော့၊ “ငါက ဘယ်သူနဲ့ရလို့ ကလေးမွေးရမှာလဲ” လို့ သူ့ထုံးစံအတိုင်း ပက်တယ်။ ကျွန်တော့်အင်္ကျီကို လက်နဲ့အသာပွတ်လိုက်ရင်း၊ “နင်တို့ဆီမှာတော့ မသိဘူး၊ တို့ဆီမှာတော့ အင်္ကျီရောင်စုံ ဝယ်လို့ရတယ်” လို့ပြောပြီး လှောင်တယ်။ ငယ်ငယ်ကတည်းက အင်္ကျီအစိမ်းရောင် ပိုဝတ်လေ့ရှိတဲ့ ကျွန်တော့်အကျင့်ကို သူက လှောင်တာ။ ကျွန်တော်တို့လည်း အဲဒီနားဆီမှာ မတ်တပ်ရပ်ရင်း အတော်ကြာအောင် စကားပြောဖြစ်ကြတယ်။ သူက ဆေးခွင့်နဲ့ ပင်စင်ယူလိုက်ပြီလို့ပြောတော့ “နင်က၊ ကံကောင်းတာပဲ” လို့ ကျွန်တော်က ပြောလိုက်တယ်။ “အိမ်လာဦးလေ၊ ဟိုနားဆီမှာ ငါနေတယ်” လို့ ပြောလို့ လှမ်းကြည့်လိုက်တော့ ကန်ဘောင်ရိုးအဆုံးနားဆီမှာ တိုက်ခပ်မြင့်မြင့်ကြီးတစ်ခုကို သူညွှန်းနေတာ တွေ့ရတယ်။ “သူတို့နဲ့ နေတယ်၊ ငါ့အစ်ကိုဝမ်းကွဲ ကိုကိုလေးသမီးလေ” လို့ပြောရင်း၊ သူက မဆီမဆိုင်၊ “ငါတော့ ခုထိနင့်ကို ပေါင်းသင်းနေသေးတဲ့ နင့်မိန်းမကို သိပ်ချီးကျူးတာပဲ” လို့ ပြောတယ်။ “ဟဲ့၊ ငါက ဘာများ မတော်မတရား လုပ်နေလို့လဲ။ မင်းဆွေလို ကားအသစ်ပြောင်းစီးတိုင်း မိန်းမပြောင်းယူတာလဲမဟုတ်။ ငါ့ဘာသာ ငါ့ထမင်း ငါရှာစားနေတာကို နင်က ဘာအပြစ်ပြောချင်လို့လဲ” လို့မေးတော့မှ၊ “နင်၊ တော်လာပြီဆိုတာ ငါ ကြားပါတယ်” လို့ သူက ပြောပြီး စကားကို ဖြေချတယ်။ ကျွန်တော်လည်း ဘဲမကို သေချာကြည့်ရင်း “နင့်ဖရင့်(ချ)ရိုးထဲမှာ ဆံပင်ဖြူတွေ ပေါ်လာတော့၊ တစ်မျိုးတော့ လှသား။ ဟိုင်းလိုက် လုပ်ထားသလိုပေါ့” လို့ ပြောလိုက်တယ်။ သူက ရယ်ရင်း၊ “ဟိုးတစ်လောကတင် ငြိမ်းမောင်က နင်ပြောသလို ပြောသေးတယ်” လို့ ပြောပြီး၊ ကျွန်တော့်ပါးကို လှမ်းပြီးဆိတ်ပြန်တယ်။ ဆိတ်နေရင်း “ဒါကြောင့် နင့်တို့ နှစ်ယောက်ကို ငါချစ်တာ” လို့ ပြောတယ်။ သူ့တူမဆိုတာလေးကို ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။ ကောင်မလေးက ကျွန်တော်တို့နှစ်ယောက်ကို အင်္ဂါဂြိုလ်သားတွေကို တွေ့ရသလိုမျိုး ကြည့်နေတယ်။ ကျွန်တော်လည်း ကောင်မလေးကို “အန်ကယ်တို့ သုံးယောက်အကြားက ချစ်တယ်ဆိုတဲ့ စကားလုံးဟာ သမီးတို့ခေတ်မှာ နားလည်သလိုမျိုး မဟုတ်ဘူး။ ဒီအရင်ကလူတွေ နားလည်သလိုမျိုးလည်း ဟုတ်မယ်မထင်ဘူး” လို့ပြောလိုက်တော့ သူက ပြုံးနေတယ်။

ဘဲမက “နင် ငြိမ်းမောင်နဲ့ တွေ့ပြီးပြီလား” လို့မေးတယ်။ “မနေ့ညက လာတယ်” လို့ကျွန်တော်က ဖြေလိုက်တော့ “နင် မပြန်ခင် ငြိမ်းမောင်နဲ့ အေးအေးဆေးဆေး အချိန်ယူပြီး စကားပြောလိုက်ပါဦး” လို့ဘဲမက ပြောတယ်။ “ဘာလို့တုန်း” လို့ ကျွန်တော်ကမေးတော့၊ ကျွန်တော့်အမေးကို ပြန်မဖြေဘူး။ “ငြိမ်းမောင်တစ်ယောက်က အခု ဇီးကွက်လိုပဲ၊ တစ်နေကုန်အိပ်ပြီး ညကျမှ ထတယ်။ အပြင်သိပ်မသွားတော့ဘူး။ သူ့ကို ပြောနိုင်ဆိုနိုင်တာ နင်ပဲရှိတယ်။ မင်းဆွေကတော့ မပြောတော့ဘူးလို့ ပြောတယ်။ သွားတော့တွေ့လိုက်ပါဦး” လို့ပဲပြောတယ်။ ဟုတ်လိမ့်မယ်။ တစ်နေ့ညက၊ ဟိုတယ်ကို ငြိမ်းမောင်လာတော့ ညဆယ်နာရီကျော်နေပြီ။ အရင်ကဆို၊ ကျွန်တော် ရန်ကုန်ရောက်တယ်ဆိုတာနဲ့ မင်းဆွေနဲ့အတူ ငြိမ်းမောင် ရောက်ချလာလေ့ရှိတယ်။ အခုခေါက်၊ မင်းဆွေ ကျွန်တော့်ဆီလာတော့ ငြိမ်းမောင်ဘယ်မှာလဲလို့ မေးတော့ အိပ်နေမှာပေါ့လို့ပဲဖြေတယ်။ “ခုတစ်လော၊ ဒီကောင်နဲ့ စကားပြောတာ အမြီးအမောက် မတည့်ဘူး” လို့ မင်းဆွေက ပြောတော့၊ သူတို့အချင်းချင်းကြားမှာ ကိစ္စတစ်ခုခုရှိလိမ့်မယ်လို့ပဲ ကျွန်တော်ထင်လိုက်မိတယ်။ ဘဲမက ကျွန်တော့်လက်ကို အသာလှမ်းပုတ်လိုက်ရင်း “နင်၊ ငြိမ်းမောင်နဲ့ စကားတော့ ပြောဖြစ်အောင် ပြောလိုက်နော်” လို့ပြောလို့ ကျွန်တော်က အသာခေါင်းငြိမ့်ပြလိုက်တယ်။ သူကပဲ၊ တစ်ဆက်တည်း “ယဉ်ယဉ်လည်း ဆုံးသွားပြီ” လို့ပြောတယ်။ ဘာလို့မှန်းတော့ မသိဘူး။ ကျွန်တော်ပါးစပ်ထဲက “ဟိုကောင်မ၊ ယဉ်ယဉ်လတ်လား” လို့မေးလိုက်မိတယ်။ ကျွန်တော့်အသံထဲမှာ ဒေါသသံ ပါသွားတယ်ထင်တယ်။ ဘဲမတို့ တူအရီးနှစ်ယောက်သား ကျွန်တော့်ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေတယ်။ ဒါပေမယ့်လည်း၊ ကျွန်တော့်ပါးစပ်ထဲက ကောင်းတယ်လို့ ဆက်ထွက်သွားတယ်။ ဒီတော့မှ၊ ဘဲမက “ဟဲ့ နင့်ကို ဟိုက ဘာလုပ်လို့လဲ။ နင့်ဘာသာ နင့်သူငယ်ချင်းအတွက် ရှာကြံမုန်းတီးနေတာပဲ။ ခုထိ၊ မုန်းတီးခြင်းဟာ လူ့အတွက် လိုအပ်မှုလို့ နင်၊ လက်ခံနေတုန်းပဲလား။ ငယ်ငယ်တုန်းက၊ နင်ပြောနေကျ၊ မုန်းတီးမှု ရှိနေခြင်းကြောင့်သာ ချစ်ခြင်းဟာ တန်ဖိုးတက်လာတယ်ဆိုတာကို နင်လက်ခံနေတုန်းပဲလား။ တော်ပြီ။ ငါ သွားတော့မယ်” လို့ပြောပြီး ခြေလှမ်းပြင်တယ်။ ကျွန်တော်လည်း နည်းနည်းလွန်သွားသလားလို့ ပြန်တွေးမိတယ်။ “ဆောရီးဟာ၊ နေပါဦး” လို့ ပြောလိုက်တော့မှ ဘဲမက ပြန်ပြုံးပြပြီး “ငြိမ်းမောင်ဆီကပြန်ရင်၊ ငါ့ဆီဖုန်းဆက်လိုက်ဦး။ ငြိမ်းမောင်မှာ င့ါနံပါတ် ရှိတယ်” လို့ ပြောတယ်။ အဲဒီညက ငြိမ်းမောင်ဆီသွားတယ်။ မင်းဆွေက ကားစီစဉ်ပေးပေတဲ့ မလိုက်ချင်ဘူး။ မင်းတို့ ကိစ္စလို့ ပြောတယ်။ ဘာ၊ မင်းတို့ကိစ္စလည်းဆိုတော့၊ မဖြေဘူး။ ငြိမ်းမောင်အခန်းကိုရောက်တော့ ည ကိုးနာရီကျော်နေပြီ။ တခြားသူငယ်ချင်းတွေနဲ့ ညစာထွက်စားပြီး ပြန်ကာမှ သွားတာ။ ကျွန်တော်ရောက်တော့ ငြိမ်းမောင် တစ်ယောက် အတော့်ကို သောက်ထားပြီးပြီ။ မယ်လိုး တစ်လုံးကုန်နေပြီ။ “မင်းလာမယ် မထင်တော့ဘူးလို့တောင် ငါထင်တာလို့” သူကပြောတယ်။ “ကမ္ဘာကြီးမပျက်သေးဘူးဆိုရင် မင်းဆီတော့ ငါရောက်အောင် လာမှာပဲ” လို့ပြောတော့ သူက ရယ်ရင်း အရက်ပုလင်းတွေ တင်ထားတဲ့ စားပွဲလေးဆီ လက်ညှိုးထိုးပြတယ်။ ကျွန်တော်လည်း၊ ဖန်ခွက် နှစ်လုံးထဲမှာ မော့(လ)လက်သုံးလောက်ထည့်ပြီး၊ ဖန်ခွက်တစ်လုံး သူ့ဆီ ကမ်းလိုက်တယ်။ ပြီးတော့မှ၊ တူအပ်(စ)လို့ဆိုပြီး၊ အတော်များများကလေး လည်ချောင်းထဲ စီးဆင်းသွားစေလိုက်တယ်။ လည်ချောင်းကို အပူရှိန်ကလေးနဲ့ သန့်စင်ပြီးကာမှ၊ “ငြိမ်းမောင်၊ မင်းဘာဖြစ်နေသလဲ။ မင်းကိုကြည့်ရတာ၊ အရက်ကို ရည်ရွယ်ချက်မရှိဘဲ သောက်နေပုံရတယ်” လို့ ပြောလိုက်တော့၊ သူက ပြန်မပြောဘူး။ ကျွန်တော့်ကို ပြုံးပြီးကြည့်နေတယ်။ “တို့ဟာ ဘယ်တုန်းကမှ အရက်ကို စော်ကားဖို့၊ သိက္ခာချဖို့၊ ရည်ရွယ်ချက်မရှိပဲ မသောက်ခဲ့ကြဘူး။ ခု၊ မင်းသောက်နေတာတွေဟာ ရည်ရွယ်ချက် ရှိသလား။ ကဇော်သမားလို့ စည်းလွတ် ဝါးလွတ်သောက်ဖို့ မသင့်ဘူးထင်တယ်” လို့ကျွန်တော်က ပြောလိုက်တော့၊ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်က ဆက်တီမှာ သူက ဝင်ထိုင်လိုက်တယ်။ “လောလောဆယ်၊ ငါအားလုံးကို မေ့ထားချင်တယ်ကွာ” လို့ သူကပြောရင်း ဝီစကီကို မော့လိုက်တယ်။ ဘာများ သူကဆက်ပြောဦးမလဲလို့ ကျွန်တော်ကစောင့်ရင်း ဘာမှဝင်မပြောမိဘူး။

“ယဉ်ယဉ်မရှိတော့ဘူး” လို့သူကပြောတယ်။ “ဘဲမ ငါ့ကို ပြောတယ်” လို့ကျွန်တော်က ပြောလိုက်တယ်။ သူက၊ ကျွန်တော့်ကိုကြည့်ရင်း “ဘဲမက ဘာတွေပြောသေးလဲ” လို့မေးလို့ မနက်က၊ ဘဲမနဲ့ အမှတ်မထင်ဆုံတာ ပြောပြလိုက်တယ်။ သူက ငြိမ်ပြီး နားထောင်နေတော့ ကျွန်တော့်စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်။ “ယဉ်ယဉ်အတွက် မင်း စိတ်မကောင်းဖြစ်နေသလား” လို့ တည့်တည့်ကြီးမေးလိုက်မိတယ်။ သူက ဘာမျှပြန်မပြောဘဲ ခေါင်းငြိမ့်ပြပြီး၊ ဝီစကီကို အကုန်မော့သောက်လိုက်လို့ ကျွန်တော်လည်း ထပြီး၊ မော့(လ)ပုလင်းကို ယူလိုက်တယ်။ သူ့ရှေ့ဆက်တီမှာ ပြန်ထိုင်ရင်း၊ “ယဉ်ယဉ်ကို မင်း ဘာလွမ်းစရာ ရှိလို့လဲ။ မင်းကို မချစ်လို့ တစ်ခြားလူနဲ့ ယူသွားတာပဲ” လို့ ပြောင်ပြောင်ပဲ ကျွန်တော်ပြောလိုက်တယ်။ သူက၊ သူ့ထုံးစံအတိုင်း ပြုံးပြရင်း ခေါင်းခါတယ်။ “မင်းမသိသေးတဲ့ အကြောင်းတစ်ခုနှစ်ခု ငါပြောပြမယ်” လို့ သူက ပြောတယ်။ ကျွန်တော် ဘာမှပြန်မပြောဘဲ၊ သူ့ဖန်ခွက်နဲ့ ကျွန်တော့်ဖန်ခွက်ထဲကို မော့(လ)ထပ်ဖြည့်လိုက်တယ်။ ပြီးမှ၊ ကျွန်တော်ထိုင်နေတဲ့ ဆက်တီအရှည်ပေါ်မှာ လက်တန်းကို ခေါင်းအုံးလိုက်ပြီး၊ မျက်နှာကြက်ကိုပဲ ငေးနေမိတယ်။ ဒီတော့၊ ငြိမ်းမောင်က မျက်နှာချင်းဆိုင် ဆက်တီပေါ်မှာထိုင်ရင်း သူပြောချင်တာကို ပြောပြတယ်။

“ယဉ်ယဉ်နဲ့ ငါ ကြိုက်ခဲ့ကြပြီးတော့၊ သူဘွဲ့ရတဲ့နှစ်မှာ လက်ထပ်ကြရအောင်လို့၊ သူကပြောတယ်။ ငါ တုန်လှုပ်သွားတယ်။ သူနဲ့ငါ ကြိုက်နေခဲ့ကြတဲ့ ကာလတစ်လျှောက်လုံးမှာ အဲဒီကိစ္စကို တစ်ခါမှ ငါထည့်မစဉ်းစားခဲ့မိဘူး။ မင်းနဲ့ငါ အမြဲတမ်း ပြောခဲ့ကြသလို ချစ်တာဟာ ချစ်တာပဲ။ ချစ်လို့ တစ်ဦးတစ်ယောက်ကို ပိုင်ဆိုင်ချင်တယ်ဆိုတာက သေးသိမ်တဲ့ အမြင်ပဲလို့ ငါက မြင်တာကိုး။ သူကတော့ အဲဒီလို မမြင်ဘူးပေါ့။ တစ်နေ့တော့ ငါ့သဘောထား ဖွင့်ပြောလိုက်တယ်။ သူက အတော်ကလေး အံ့သြပြီး၊ ဒေါသလည်း ထွက်ပုံရတယ်။ ယဉ်ယဉ်နဲ့ ငါ ပြတ်သလို ဖြစ်သွားတယ်။ ငါ့ဘာသာတော့ အတော်ခံစားရတယ်။ မင်းမှတ်မိသေးလား။ အဲဒီတုန်းက၊ မရမ်းကုန်းကခြံမှာ ငါတစ်ယောက်တည်း သွားပြီးနေတာ၊ တော်တော်ကလေး အသားပြန်ကျတော့မယ်လို့ ဖြစ်နေတဲ့ နေ့တစ်နေ့။ အဲဒီနေ့က၊ ဘဲမ ပေါက်ချလာတယ်။ သူကိုယ်တိုင် ကားမောင်းလို့။ ဘာများလဲလို့ဆိုတော့၊ ယဉ်ယဉ်က ငါ့ကို တွေ့ချင်လို့တဲ့။ ကားထဲမှာ ယဉ်ယဉ် ပါလာတယ်တဲ့ ဒီတော့၊ ငါလည်း အိမ်ပေါ်ခေါ်ပြီး စကားပြောကြတာပေါ့။ ဘဲမက နင်တို့ချင်း လွတ်လွတ်လပ်လပ်ပြောကြ။ ငါ ဒီနားလမ်းဆုံက ပတ္တမြား ကိုနေဝင်းဆီသွားပြီး ပတ်စ်ပို့ဓာတ်ပုံ ရိုက်လိုက်ဦးမယ်လို့ အကြောင်းပြပြီး ထွက်သွားတယ်။ တို့နှစ်ယောက်တည်း ကျန်ရစ်တော့၊ ယဉ်ယဉ်က ငါ့ကို ဘယ်လောက်သတိရနေတဲ့အကြောင်းပြောပြီး ငိတယ်။ အခု၊ သူ့ကို မိဖတွေက ယောက်ျားပေးစားတော့မှာမို့၊ သူ ရန်ကုန်ကို ခဏဆိုပြီးလာတာ။ ငါက သူ့ကို မယူနိုင်ဘူးဆိုရင်တောင် ငါနဲ့အတူ တစ်နာရီပဲ ဖြစ်ဖြစ် နေချင်တယ်လို့ ပြောတယ်။ ပထမတော့ ငါ့စိတ်ထဲမှာ၊ အော်၊ သူတို့မိတ္တီလာမှာ စကားပြောစရာ လူအတော်ရှားပုံရတယ်လို့တောင် တွေးမိတယ်။ နောက်တော့မှ အဓိပ္ပာယ်ပေါက်တယ်။ ဒါပေမဲ့၊ ငါဟာ ငါ့သိက္ခာကို အထိအပါးမခံနိုင်ရုံတင်မကဘူး။ ဒီကိစ္စဟာ ငါယုံကြည်တဲ့ လက်ခံတဲ့ကိစ္စ မဟုတ်ဘူး။ တိုတို ပြောရရင်တော့ကွာ ဘဲမပြန်ရောက်လာတဲ့အထိ သူ့ကို ဖျောင်းဖျပြောရင်း ဘဲမနဲ့အတူ ပြန်လွှတ်လိုက်ရတယ်။ အဲဒီအခါကစပြီး ငါ့ဘဝဟာ အရင်ကလို မဟုတ်တော့ဘူး။ နောင်တရတဲ့သဘောတော့ မဟုတ်ဘူး။ ကိုယ့်ဘာသာ၊ နာကျည်းတဲ့ သဘောပဲ။ ဒီအကြောင်းကို၊ ဘဲမကိုရော မင်းကိုပါ ငါ ဖွင့်မပြောခဲ့ဘူး။ ဘဲမကို ယဉ်ယဉ်က ပြောကောင်း ပြောမလားတော့ မသိဘူး။ ဘဲမ နည်းနည်းရိပ်မိသလိုပဲ။ အဲဒီတုန်းက၊ မင်းက အမ်အေပြီးတော့မယ်။ မိန်းမလည်းရနေတယ်။ မင်းကို ငါ မပြောခဲ့ဘူး။ မင်း မိန်းမ ရကာစမို့၊ ငါ့ကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်လို့ပဲ”

ငြိမ်းမောင် စကားသံ ရပ်သွားတယ်။ ကျွန်တော်လည်း ခေါင်းထောင်ပြီး လှမ်းကြည့်လိုက်မိတယ်။ ငြိမ်းမောင်ဟာ စက္ကူလက်သုတ်ပုဝါ တစ်ခုကို လှမ်းယူပြီး၊ သူ့မျက်လုံးထဲက မျက်ရည်စတွေကို သုတ်နေတယ်။ အရွယ်ရောက်တဲ့ လူတစ်ယောက် မျက်ရည်ကျတယ်ဆိုရင် ပြည့်စုံ လုံလောက်တဲ့ ဆင်ခြေတစ်ခုခုတော့ ရှိမယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် ခေါင်းထောင်ကြည့်နေတာတွေ့တော့ ကြိုးစားပြီး ပြုံးရင်း၊ လက်ဟန်နဲ့ သူ ဘာမှမဖြစ်ပါဘူးဆိုတဲ့ သဘောပြတယ်။ ကျွန်တော်လည်း မော့(လ)တစ်ငုံသောက်လိုက်ပြီး ဆက်တီလက်တန်းပေါ် ခေါင်းပြန်ချလိုက်တယ်။ မျက်နှာကြက်မှာ အာရုံထည့်ထားလိုက်တယ်။ ငြိမ်းမောင်က ဆက်ပြောပြတယ်. .

“လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတော့ ယဉ်ယဉ်ယောက်ျား ဆုံးသွားတာ၊ ကြားရတယ်။ နှလုံးနဲ့တဲ့။ နောက်တော့၊ ယဉ်ယဉ်တစ်ယောက် ဒီကို ပြန်ပြောင်းလာတယ်။ သူ့သား၊ ဆရာဝန်ဆိုတာနဲ့ အတူလာနေတယ်။ ဘဲမတို့ အခုနေတဲ့ နေရာဆီမှာ၊ ငါက မင်းဆွေတို့ပြောလို့ သိရတာ။ ယဉ်ယဉ်နဲ့ မတွေ့ဘူး။ တစ်နေ့ ဘဲမ ရန်ကုန်ကိုလာရင်း ငါ့ဆီရောက်လာတယ်။ ဘာမပြော ညာမပြောနဲ့ ငါ့ကို ကားပေါ်တက်လို့ပြောပြီး၊ ယဉ်ယဉ်ဆီကို ခေါ်သွားတယ်။ ယဉ်ယဉ်က အတော်ပိန်ကျသွားတယ်။ သူ့သား လင်မယားနဲ့လည်း တွေ့တယ်။ ခင်စရာကောင်းရှာကြတယ်။ အဲဒီနေ့က၊ တို့သုံးယောက်သား နှစ်နာရီ သုံးနာရီလောက်ကြာအောင် စကားပြောဖြစ်ခဲ့ကြတယ်။ နောက်လာခဲ့ဦးနော်လို့ သူကပြောတော့၊ လာမယ်လို့ ငါကတိခံခဲ့ပေတဲ့၊ မသွားရဲဘူး။ တစ်နေ့တော့၊ သူ့သားကလေး ငါ့ဆီရောက်လာတယ်။ ဒီတော့မှ၊ ယဉ်ယဉ်အကြောင်း သိရတယ်။ ယဉ်ယဉ်မှာ ကင်ဆာဖြစ်နေတယ်။ သူ့သားကလေးက အန်ကယ် ဟိုနေ့က လာလည်တော့ မေမေ သိပ်လန်းတယ်။ အားရှိသွားသလိုပဲ။ တစ်နေ့တော့ စကားစပ်ရင်း အန်ကယ့်အကြောင်း မေမေ့ကို ကျွန်တော် မေးကြည့်မိတယ်။ မေမေက လောကမှာ ယောက်ျားသားတစ်ယောက်ကို ယုံကြည်၊ စိတ်ချ၊ တန်ဖိုးထားရမယ်ဆိုရင်၊ အဲဒီယောက်ျားသားဟာ အန်ကယ်ပဲဖြစ်မယ်လို့ ပြောတယ်။ အဲဒီတော့၊ ငါ မျက်ရည်ကျရပြန်တယ်။ ကောင်ကလေးက အန်ကယ်ရယ် ဖြစ်နိုင်ရင် တစ်ပတ်တစ်ခါလောက် မေမေနဲ့လာပြီး စကားစမြည် ပြောပေးပါလားလို့ တောင်းပန်တယ်။ ဒီတော့၊ ကြာသပတေးနေ့တိုင်းလို နေ့ခင်း ထမင်းစားပြီးတာနဲ့ ယဉ်ယဉ်ဆီသွားပြီး စကားစမြည်ပြောတယ်၊ တစ်ခါတစ်လေ ညစာစားပြီးမှ သူတို့အိမ်က ပြန်တယ်။ တစ်ခါက မင်းဖတ်ခိုင်းတဲ့ ဝတ္ထုထဲကလိုပဲ၊ အင်္ဂါနေ့တိုင်း မော်ရီဆီ သွားတဲ့အကြောင်းလေ။ သူ့အခြေအနေကတော့ ကောင်းမလာဘူး။ အပြင်ထွက်ပြီး၊ ကီမိုတွေ ဘာတွေ လုပ်တော့လုပ်တာပဲ။ တဖြည်းဖြည်းဆိုးလာတယ်။ နောက်တော့၊ ဝှီးချဲနဲ့ပဲ သွားနိုင်တော့တယ်။ သူမဆုံးခင် တစ်ပတ်လောက်မှာ သူနဲ့ငါ အကြာကြီးထိုင် စကားပြောဖြစ်ကြတယ်။

ငါကပဲ စကားများများပြောတယ်လို့ ဆိုရမှာပဲ။ ဒါပေမဲ့ သူက ငါ့ကို တစ်ခုပြောတယ်၊ ကိုငြိမ်းမောင်ကို ယဉ်ယဉ်တောင်းပန်ခဲ့ချင်တာ တစ်ခုရှိတယ်တဲ့။ သူ့ကိုယ်သူလည်း သိနေပြီထင်ပါရဲ့ကွာ။ ဘာများလဲလို့ဆိုတော့၊ ကိုငြိမ်းမောင်ရဲ့ မရမ်းကုန်းကအိမ်ဆီ ယဉ်ယဉ် လာခဲ့တာအတွက် တောင်းပန်ချင်လို့ပါတဲ့။ ယဉ်ယဉ်အနေနဲ့ မလုပ်သင့်အပ်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့မိလို့ တောင်းပန်ချင်တာပါတဲ့။ ငါ ဘာပြောမှန်းမသိတော့ဘူး။ တကယ်တော့၊ ငါကသာ သူ့ကို တောင်းပန်ရမှာ။ ဘာပြောရမှန်းမသိပေမယ့်၊ ငါ မျက်ရည်ကျမိတယ်။ ဟိုတုန်းက ငါဟာ၊ အခုငါလို ငါသာဆိုရင်၊ ငါဘာလုပ်ရမယ်ဆိုတာ ငါသိမှာပဲ။ ဒါပေမယ့်ကွာ၊ “အကယ်၍. . လျှင်. .” ဆိုတဲ့ ယုတ္တိပုံစံဟာ ပုံစံအရ မှန်ကောင်းမှန်ပေတဲ့၊ နေ့စဉ်ဘဝထဲမှာ အောက်နေတတ်တယ်လို့ မင်းပြောလေ့ရှိသလိုပဲ။ အခု၊ ငါဆိုတာက ငါ့ဘာသာပြန်ပြီး တွေ့ရှိထားတဲ့ ငါကိုး။ ဟိုတုန်းက ငါက၊ ငါရဲ့အထဲမှာပဲ ပျောက်ဆုံးနေတဲ့ ငါ။ ပြန်တွေ့ရတဲ့ ငါဆိုတာလည်း နှောင်းခဲ့တဲ့ ငါပေါ့ကွာ။ ပြန်တွေ့ရတဲ့ ငါဟာ ဝမ်းနည်းစရာတွေချည်းပဲ. .” ။ ငြိမ်းမောင် စကားသံရပ်သွားတယ်။ ဘာများပြောဦးမလဲလို့ နားထောင်နေပေတဲ့ သူ့ဆီက ဘာသံမှ မကြားရတော့ဘူး။ ကျွန်တော် ခေါင်းထောင်ကြည့်လိုက်တော့၊ ငြိမ်းမောင်က ဖန်ခွက်ထဲက မော့(လ)ကို အကုန်မော့ချလိုက်တာ တွေ့ရတယ်။ မျက်ရည်တွေလည်း သူ့ပါးပေါ်မှာစီးလို့။ ပြီးတော့၊ ဆက်တီပေါ်မှာ အသာလဲချလိုက်တယ်။

ကျွန်တော်လည်း မော့(လ)လက်ကျန်ကို အသာသောက်လိုက်ပြီး၊ စကားစလိုက်တယ်။ “ငြိမ်းမောင်၊ လူနှစ်ယောက်ဆုံဖို့ဆိုတဲ့ကိစ္စဟာ ပြောသလောက် မလွယ်လှဘူး။ ခုညနေ၊ မင်းဆီမလာခင် ငါကြုံခဲ့တာတစ်ခု ပြောပြမယ်။ ညနေက ငါတို့မိတ်ဆွေ ကျောင်းဆရာမကြီးရယ်၊ ငါ့မိန်းမရယ်၊ ငါရယ်၊ အင်းလျားလမ်းထဲက ဆိုင်ကလေးတစ်ခုမှာ ထမင်းသွားစားကြတယ်။ အဲဒီကို လာခဲ့ဖို့၊ ကိုအောင်စိုးဝင်းတို့လင်မယားကို ချိန်းထားလိုက်တယ်။ ကိုအောင်စိုးဝင်းကို မင်းသိပါတယ်။ အေး ဟိုရောက်တော့၊ တို့သုံးယောက်က ဆိုင်ကလေးရဲ့ ဘယ်ဖက်အခြမ်းမှာ ရှိလေမလားလို့ သွားရှာသလို၊ သူကလည်း ဒီဖက်ကို လာရှာတယ်၊ ဒါပေမယ့်မတွေ့ကြဘူး။ ကိုယ့်ဘာသာ စားသောက်လို့ပြီးကာနီးကျမှ၊ မမျှော်လင့်ပဲ တွေ့ကြတယ်။ အဲဒီတော့၊ စားလို့သောက်လို့က ပြီးသလောက် ဖြစ်နေကြပြီ။ တွေ့ဖို့ချိန်းထားတာက စားဖို့၊ သောက်ဖို့၊ အချိန်ကလွဲနေပြီ။ ဟိုတစ်နေ့ဆီကတော့၊ အမှတ်မထင် ဘဲမနဲ့တိုးတယ်။ မျှော်လင့်မထား၊ ချိန်းမထားဘဲနဲ့ တွေ့တာ။ ငါဆိုလိုတာ၊ မင်းသဘောပေါက်ရဲ့လားတော့၊ မသိဘူး။ တကယ်တော့၊ တို့တစ်တွေဟာ ကစဥ့်ကလျားဖြစ်နေချင်းအတွင်းက၊ ကြုံရာကျပမ်းပေါ်လာတဲ့၊ တိုက်ဆိုင်မှုတွေကြောင့် တွေ့ကြုံဆုံနေရတာ။ ပြုမူလှုပ်ရှားနေကြတာ။ တင်ကူးပြီး၊ ပြဋ္ဌာန်းထားလို့ မလွယ်တာတွေဟာ ဘဝမှာ အပုံကြီးပဲ။ အဲဒါကိုက၊ ဘဝပဲလို့ ပြောရမလားမသိဘူးပြောရင်း၊ ကျွန်တော်က ငြိမ်းမောင်ကို လှမ်းကြည့်လိုက်မိတယ်။ သူကတော့ အိပ်ပျော်နေပုံရတယ်။ ဘယ်အချိန်လောက်က အိပ်ပျော်သွားမှန်းတော့ မသိဘူး။ ကျွန်တော်လည်း ဘာမှ ဆက်မပြောတော့ပဲ၊ လှဲနေရာကထပြီး သူ့ကို သွားကြည့်လိုက်မိတယ်။

အိပ်ပျော်နေတဲ့ ငြိမ်းမောင်ရဲ့ မျက်လုံးထဲမှာ မျက်ရည်စတွေ ရှိနေသေးတယ်။ ဘာကြောင့်မှန်း မသိဘူး၊ သူ့ကို သနားသွားမိတယ်။ ငယ်ငယ်ကလို သူ့ခေါင်းကို လက်နဲ့အသာပုတ်လိုက်မိတယ်။ နောက်တော့၊ အိပ်ခန်းထဲက စောင်ပါးကလေးတစ်ထည် သွားယူပြီး၊ သူ့ကိုယ်ပေါ်မှာ ခြုံပေးလိုက်တယ်။ ဟိုတယ်ကို ပြန်မှပဲလို့ စဉ်းစားမိတာနဲ့ ငြိမ်းမောင် တယ်လီဖုန်းကို ကောက်ယူလိုက်ပြီး တယ်လီဖုန်းထဲက ဘဲမဖုန်းနံပါတ်ကို ကူးရေးလိုက်တယ်။ ကူးရေးပြီးလို့၊ မှတ်စုကဒ်ကလေးတွေကို စားပွဲပေါ်မှာ ပြန်ချနေတုံး၊ ခေါင်းထဲကို စာတစ်ပိုဒ် ဝင်လာတယ်။ မှတ်စုကဒ်ကလေးတစ်ခုပေါ်မှာ၊ ငြိမ်းမောင်နိုးလာတဲ့အခါဖတ်ဖို့၊ စာကလေး သုံးလေးကြောင်း၊ ရေးလိုက်မိတယ်။ လက်ဘနွန် အမျိုးသား တွေးခေါ်ရှင်၊ ကဗျာဆရာ ခါလေ(လ)ဂျစ်ဗရမ်ရဲ့ ကဗျာတစ်ပုဒ်ထဲကပဲ။

If you love somebody, let them go,

for if they return, they were always yours.

And if they don’t, they never were.

ပြီးမှ၊ စာရွက်ကို ခေါက်ပြီး သူ့အိတ်ထဲ ထိုးထည့်ထားလိုက်တယ်။ ဟိုတယ်ကို ပြန်တော့မယ်လို့၊ သူ့အခန်းထဲကထွက်တော့၊ တံခါးကို တော်တော်နဲ့ ပြန်မပိတ်နိုင်ဘူး။ ကလေးတစ်ယောက်လို ဝမ်းနည်းပက်လက်ဖြစ်ရင်း အိပ်ပျော်သွားတဲ့ ငြိမ်းမောင်ကို အတော်ကြာအောင် ကျွန်တော်ရပ်ကြည့်နေမိတယ်။ ကျွန်တော့် သူငယ်ချင်း မျက်ရည်ကျရတာ၊ မကြည့်ရက်ဘူး။ ဒါပေမဲ့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ ဘဲမဆီ ဖုန်းဆက်ပြီး နင်အသုံးမကျလို့၊ ငြိမ်းမောင် တစ်ယောက် မျက်ရည်ကျရတယ်လို့ အပြစ်တင်ရရင် ကောင်းမှာပဲလို့ တွေးမိတယ်။ နှောင်းမှ ပြောင်းတတ်တဲ့ အချစ်တစ်မျိုးကြောင့် အပြစ်တင်မယ်ဆိုရင်တော့ လူတိုင်းမှာ အပြစ်ရှိမှာပဲလေ။ အပြစ်တင်စရာကောင်းတဲ့ သူတွေအချင်းချင်း အပြစ်တင်နေကြလို့တော့လည်း၊ သိပ်ထူးမယ်မထင်ဘူး။

(ချင်းတွင်း – ဧပြီ၊ ၂၀၀၉)

Mirrored: ကိုယ်တိုင်ရေးသမိုင်းကျမ်း



One thought on “နှောင်းမှပြောင်းတတ်သော အချစ်တစ်မျိုး (မြင့်သန်း)

  1. အချိန်တွေ လွန်မှတော့ ဘာမှ ပြောင်းလို့ မရတော့ဘူးလေ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s