လမ်းအိုလေး

beyond chaOs

အပေါင်ဆိုင် (နေမျိုး)

1 Comment

နေ့လယ်ခင်းက တိတ်ဆိတ်ငြိမ်သက်၍ ပူပြင်းနေပေသည်။ ယခု အချိန်တွင် သစ်ရွက်ကလေးတစ်ရွက်ဖြစ်စေ လှုပ်နေဖို့ကောင်းသည်။ သို့ရာတွင် ပူပြင်းငြိမ်သက်သော လေထုထဲ၌ အရာအားလုံးရပ်တန့်နေသလိုပင် ထင်မှတ်ရပါသည်။ မျဉ်းဖြောင့်သဏ္ဌာန်ငြိမ်သက်နေသော ဓာတ်တိုင်များ၊ မျဉ်းလဲသဏ္ဌာန် သွယ်တန်းသွားသော ဝိုင်ယာကြိုးများ။ ကဖေးဆိုင် မီးခိုးခေါင်းတိုင်မှာ ငေါငေါကြီးထိုးထွက်ကာ ယနေ့မှ မီးခိုးငွေ့ပျံ့လွင့်ခြင်းမရှိ ဖြစ်နေသည်။ (မှတ်ချက်- အကြောင်းတစ်စုံတစ်ရာကြောင့် ကဖေးဆိုင်ပိတ်ထားပါသည်။) ငြိမ်သက်နေသော လမ်းမပူပူ၏ တစ်ဖက်တွင်ရှိ အပေါင်ဆိုင်ကလည်း ငြိမ်သက်လျက်။ ယုတ်စွအဆုံး ခွေးတစ်ကောင်ပင်လျှင် ငြိမ်သက်လျက် ယုတ်စွအဆုံး အပေါင်ဆိုင်ကောင်တာပေါက်၏ အောက်ခြေတွင် ဝပ်နေသော ခွေးတစ်ကောင်ပင်လျှင် ငြိမ်သက်လျှက်။ ငြိမ်သက်ခြင်းသည် ကျင့်သားရလာကာ ပို၍ငြိမ်သက်လာသလိုပင်။ အပေါင်ဆိုင်၏ အတွင်းပိုင်း ခပ်မှောင်မှောင်အခန်းထဲတွင် အပေါင်ဆိုင်ပိုင်ရှင်သည် ကုလားထိုင်တစ်လုံးပေါ်တွင် သူ၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးကို ပုံတင်ကာ ငြိမ်သက်နေလေသည်။ ခပ်မှောင်မှောင် အတွင်းခန်းထဲမှာပင် ဖြစ်လင့်ကစား သူ့ဦးခေါင်းထက်ဆီတွင် သက္ကလတ်ဦးထုပ်ကို ဆောင်းထားလေသည်။ မည်သည့်နေရာ မည်သည့်အချိန်ပင်ဖြစ်စေ သူ့အနေနှင့် ဦးထုပ်ကို ဆောင်းထားဖို့လိုအပ်သည်။ အကြောင်းမှာ သူ၏ ထိပ်ပြောင်ပြောင်ပေါ်တွင် ဆံပင်တချို့ ကျိုးတိုးကျဲတဲပေါက်ကာ အရုပ်ဆိုးသောဦးခေါင်းကို လူတွေမတွေ့မြင်နိုင်ရန်ဖြစ်သည်။ ထိုသို့ ငြိမ်သက်နေသောနေ့လယ်ခင်း၊ ငြိမ်သက်နေသောလမ်းမ၊ ငြိမ်သက်နေသော အပေါင်ဆိုင်ရှေ့တွင် ခွာသံတခွပ်ခွပ်နဲ့အတူ ရထားလုံးတစ်စီး ထိုးဆိုက်လာခဲ့ပါသည်။ ငြိမ်သက်ခြင်းသည် အသွင်ပြောင်းကာ သက်ဝင်လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့ပေသည်။ ရထားလုံးသည် အပေါင်ဆိုင်ရှေ့တည့်တည့်တွင်ရပ်ပြီး ရထားလုံးအတွင်းမှ သတို့သမီးဝတ်စုံနှင့် မိန်းမတစ်ယောက် ထွက်လာသည်။ ရထားလုံးမောင်းသူက မြင်းဇက်ကြိုးကို ဖြေလျော့ကာ အရုပ်တစ်ရုပ်လို ငြိမ်သက်နေလေသည်။ သတို့သမီးဝတ်စုံနှင့် မိန်းမသည် အပေါင်ဆိုင်အတွင်းသို့ ဝင်ရောက်သွားကာ အပေါင်ဆိုင်ရှင်ရှေ့သို့ ရောက်ရှိသွားပါသည်။ အပေါင်ဆိုင်ပိုင်ရှင်သည် ကုလားထိုင်ပေါ်မှ သူ့ခန္ဓာကိုယ်ကို ထူမတ်ကာ ဝင်လာသူကိုတစ်ချက်ကြည့်လိုက်သည်။ ဘာများပေါင်ချင်လို့ပါလဲ (မေးခွန်း)။ အပေါင်ဆိုင်ပိုင်ရှင်၏ စကားအဆုံးတွင် သူမသည် သတို့သမီးဝတ်စုံကို ကြမ်းပြင်သို့ ချွတ်ချလိုက်လေသည်။ ကျွန်မ ဒီဝတ်စုံကို ပေါင်ချင်လို့ပဲရှင် (အဖြေ)။ ရောင်းခြင်း၊ ဝယ်ခြင်း၊ ပေါင်ခြင်း၊ နှံခြင်း ကိစ္စရပ်များတွင် တစ်ဦးအကျိုးကို တစ်ဦးကဆောင်၍ အပြန်အလှန် ယုံကြည်မှုမျိုးလည်း ရှိကြဖို့လိုအပ်ပေလိမ့်မည်။ ရောင်းချပေါင်နှံသော ပစ္စည်း၏အမျိုးအစား အရည်အသွေးကိုကြည့်ကာ ဝယ်ယူသူ၊ အပေါင်ခံသူတို့ ကြေးဖြတ်ကြမြဲဖြစ်သည်။ ၄င်းပစ္စည်း၏ အမျိုးအစား အရည်အသွေးက ပြောင်းလဲလေ့သိပ်မရှိသော်လည်း အခြေအနေ အချိန်အခါကိုလိုက်၍ တန်ဖိုးမှာမူ ပြောင်းလဲနိုင်ပေသည်။ တိုက်ရိုက်ကုန်ဖလှယ်စနစ်ကို ကျင့်သုံးခဲ့ကြစဉ်ကမူ တစ်ဦး၏ အပိုပစ္စည်းသည် တစ်ဦး၏ အလိုပစ္စည်းဖြစ်ရန် လိုအပ်ခဲ့ပေသည်။ သို့ရာတွင် နားလည်ရန်ခက်ခဲသော အကြောင်းတစ်ခုမှာ ဤမြို့ကလေး၏ အပေါင်ဆိုင်တိုင်းတွင် သတို့သမီးဝတ်စုံများ ရောက်ရှိနေခြင်းပင် ဖြစ်ပေသည်။

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Mirrored: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်

One thought on “အပေါင်ဆိုင် (နေမျိုး)

  1. Pingback: မြည်နေတဲ့ ထရမ်းပက် (နေမျိုး) – Cover Art | Lanolay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s