လမ်းအိုလေး

Løøps of Resistance …

ဟယ်လိုမေမေ (နေမျိုး)

1 Comment

သူသည် တယ်လီဖုန်းစကားပြောခွက်မှတစ်ဆင့် လှမ်း၍ခေါ်လိုက်သည်။ တစ်ဖက်မှထူးသံ မကြားရသေး။ သူက ထပ်မံ၍ ခေါ်လိုက်ပြန်သည်။ မေမေ … ဟယ်လိုမေမေ … ။ သူ့အသံသည် တယ်လီဖုန်းဝိုင်ယာကြိုးမှတစ်ဆင့် အခြားတစ်ဖက်သို့ ရောက်ရှိသွားခဲ့ပေပြီ။ ဘယ်သူလဲ။ တစ်ဖက်မှ ထူးသံကြားရ၏။ ဟယ်လိုမေမေလား … ကျွန်တော်ပါ။ သူကအားတက်သရော ပြန်ပြောလိုက်သည်။ သူ့အသံက နူးညံ့နေသည်။ ဘယ်ကကျွန်တော်လဲ။ မင်းဘယ်သူ့ဆီ ဆက်နေတာလဲ။ ငါမင်းမေမေ မဟုတ်ဘူး။ တစ်ဖက်မှ စကားသံကို သူသေသေချောချာ ကြားလိုက်ရသည်။ ဒါပေမဲ့ သူအားမလျှော့ပါ။ မေမေ … ကျွန်တော်ပါ။ မေမေနဲ့စကားပြောဖို့ ကျွန်တော် စောင့်မျှော်နေခဲ့တာ ဘယ်လောက် ကြာမြင့်ခဲ့ပြီ ထင်သလဲ။ မေမေ … နေကောင်းရဲ့လား။ သူသည် စကားပြောခွက်ကိုကိုင်ကာ အငမ်းမရပြောချလိုက်သည်။ တစ်ဖက်မှ စကားသံ တိတ်သွားပြန်သည်။ သူက တယ်လီဖုန်း စကားပြောခွက်ကို ကိုင်ကာ တစ်ဖက်မှစကားသံကို ငံ့လင့်နေသည်။ မေမေ ကျွန်တော်ပြောနေတာကြားရဲ့လား ပြောပါဦး။ သူက ထပ်မံ၍ပြောလိုက်ပြန်သည်။ မေမေ ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလား။ ဤတစ်ကြိမ်တွင်တော့ တစ်ဖက်မှ စကားသံ ပြန်လည်စီးဝင်လာခဲ့သည်။ ဘယ်က မေမေလဲ။ မင်းဖုန်းမှားနေပြီကွ။ ငါဟာဘယ်တုန်းကမှ ဘယ်သူ့ မေမေမှ မဖြစ်ခဲ့ဖူးဘူး။ မင်းကို ရှင်းအောင်ပြောရရင် ငါဟာ ဘဝမှာ တစ်ကြိမ်တစ်ခါမှလည်း အိမ်ထောင်မပြုခဲ့ဖူးဘူး။ ဒါပဲ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ဦးခေါင်းကို ခါယမ်းလိုက်သည်။ မေမေညာနေတာ … သူက အော်ပြောလိုက်သေးသည်။ သို့သော သူ့စကားသံကို တစ်ဖက်မှ မကြားနိုင်တော့ပါ။ ဖုန်းချသွားပြီဖြစ်သည်။ သူသည် တီးတိုးရေရွတ်ကာ ဖုန်းကို ပြန်ချလိုက်သည်။ ဒီတစ်ယောက်ကလည်း မေမေမဟုတ်ဘူးတဲ့။ ဖုန်းချသွားပြန်ပြီ။ သူသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ တယ်လီဖုန်းအစောင့်က သူ့ကို နားမလည်နိုင်သလိုကြည့်နေသည်။ ကျွန်တော်နောက်တစ် Call ခေါ်မယ်။ သူက စိတ်အားထက်သန်လာဟန်ဖြင့် တယ်လီဖုန်းအစောင့်ကို ပြောလိုက်သည်။ တယ်လီဖုန်းအစောင့်က ဘယ်ကိုလဲ မြို့တွင်းလား၊ နယ်ဝေးလားဟု မေးမြန်းလိုက်သည်။ နယ်ဝေး … ဟုတ်တယ် နယ်ဝေးခေါ်မယ်။ သူ့အဖြေကိုကြားတော့ တယ်လီဖုန်းအစောင့်က ဘယ်နံပါတ်လဲဟုမေးလိုက်သည်။ သူကစိတ်ရှုပ်သွားဟန်ဖြင့် ဘာလို့ဒီလို ကျွန်တော့်ကိုမေးရတာလဲ။ ဒါဟာ ကျွန်တော်ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာပဲဆိုတာ ခင်ဗျားသိဖို့ ကောင်းတာပေါ့။ ဒီမှာခင်ဗျာ … ဒီဖုန်းကနေခေါ်လို့ရမယ့် နယ်ဝေးဖုန်းနံပါတ်တွေ ဘယ်လောက်များများ ရှိမလဲ။ ကျွန်တော် အားလုံးကို ခေါ်မယ်။ ကျွန်တော့်မေမေနဲ့ စကားပြောရမှဖြစ်မှာ။ မေ့မေ့ကို ကျွန်တော် အဆုံးအရှူံးခံလို့မဖြစ်ဘူး။ လုပ်စမ်းပါဗျာ။ မေမေ နယ်ဝေးမြို့တစ်မြို့ ရောက်နေတာဖြစ်မယ်။ ခင်ဗျားခေါ်လို့ရမယ့် နံပါတ်တစ်ခုခု အရင်မြန်မြန်ခေါ်ပေးပါ။ ကျွန်တော့်မှာ အချိန်သိပ်မကျန်တော့ဘူး။ (သူနာရီကို တစ်ချက် ငုံ့ကြည့်လိုက်သည်။) မေမေ့ကို အရေးကြီးတဲ့စကား ပြောစရာတွေရှိတယ်။ သူသည် မရပ်မနားပြောချလိုက်သည်။ တယ်လီဖုန်းအစောင့်က သူ့ကိုကြည့်ကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပါသည်။ ထိုဖုန်းနံပါတ်မှာ ကျွန်ုပ်တို့ သိဖို့ မလိုပါ။ ဆေးရုံတစ်ရုံ သို့မဟုတ် ရဲစခန်း သို့မဟုတ် မီးသတ်ဌာနတစ်ခု သို့မဟုတ် ရုပ်ရှင်ရုံတစ်ရုံ သို့မဟုတ် ဘုရားရှိခိုးကျောင်းတစ်ကျောင်း သို့မဟုတ် ဟောလီးဝုဒ်က ဖုန်းနံပါတ်တစ်ခုခု ဖြစ်ချင်ဖြစ်မှာပေါ့။ ဟယ်လို မေမေ … ။

၂၀၀၃၊ ၃၊ ၂၂

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Mirrored: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်

One thought on “ဟယ်လိုမေမေ (နေမျိုး)

  1. Pingback: မြည်နေတဲ့ ထရမ်းပက် (နေမျိုး) – Cover Art | Lanolay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s