လမ်းအိုလေး

beyond chaOs

သူငယ်ချင်းခင်မောင်အေးကောင်းမှု (မောင်ယုပိုင်)

1 Comment

ကြားကြားချင်းကဆို နောက်နေသလိုပဲ။ ဘယ်ခင်မောင်အေးလဲ။ တို့ခင်မောင်အေးတော့ မဖြစ်နိုင်ဘူး။ မသေနိုင်ဘူး။ သေမယ့်ကောင် မဟုတ်ဘူး။ နာမည်တော့ သေပြီ။ လူရော။ လူလည်း သေပါပြီ။ သေပါပြီကွာ။ အတည်ဆိုပေမယ့်လည်း ငိုလိုက်ရကောင်းမလား။ လက်တို့တာ စောင့်နေမိသလား။ ငိုစရာ ပါလို့လား။ ဘာလို့မပါရမှာလဲလို့ လူမှုရေးအရ ငါ့ကိုယ်ငါ လက်တို့လိုက်တာလား။ ဥပမာ ဒီမြို့က အပေါင်းအသင်းတွေက တို့နှစ်ယောက်ကို တွဲပြီး သိထားကြတာကို။ မင်းကိုတွေ့ရင် ငါ့ကိုမေးမယ်။ ငါ့ကိုတွေ့ရင် မင်းနဲ့မင်းအကြောင်း မေးမယ်။ ဒီလိုပဲပေါ့။ မတွေ့တာ နှစ်နဲ့ချီသွားတော့လည်း ဒီကောင် ရန်ကုန်မှာ ရှိနေတယ်ပေါ့။ အခု နာရေးကြော်ငြာ ဖတ်ပြီးပြီ။ ရက်လည်ဆွမ်း စားပြီးပြီ။ ရေဝေးမှာ မီးခိုးဖြစ်သွားတဲ့အထိ သူ့ဓာတ်ပုံတွေ ကြည့်လိုက်ရပြီးပြီ။ ငါ့စိတ်ထဲမှာတော့ ဒီကောင် ရန်ကုန်မှာပဲပေါ့။ မသေခင် ညားသွားသေးတယ်ဆိုတဲ့ သူ့အမျိုးကောင်းသမီးလေးရဲ့ ဓာတ်ပုံလေးကိုပါ အမေဖြစ်သူက မျက်ရည်စက်လက်နဲ့ ပြရှာတယ်။ ငိုကြီးချက်မနဲ့ပဲ သူ့သားဟာ ကိုရီးယားထွက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အကြောင်းနဲ့ အ၀တ်အစားသစ်တွေ အများကြီး ၀ယ်ထားပြီး ဖြစ်တဲ့အကြောင်း ပြောလာတယ်။ သင်္ချိုင်းတွေဘာတွေအထိ တရားလှည့်ထိုင်ဖူးတယ်ဆိုတဲ့ ဖအေလုပ်သူကတော့ “ဒီမိန်းမ ငိုနေပြန်ပြီလား”ပေါ့။ ကျွန်တော့်အတွက် အမှတ်တရဆိုပြီး သူ့သားအမြဲဝတ်လေ့ရှိတယ်ဆိုတဲ့ စွပ်ကျယ်ချိုင်းပြတ်လေးတစ်ထည် ထုတ်ပေးလိုက်တယ်။ အခု မျက်နှာမှာ ကားဘော်ဒီနဲ့ ဖိညှပ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ခေါင်းထဲမှာ ထည့်ထားတဲ့ ဒီကောင့်ရုပ်အလောင်းကို ကြည့်ပြီးပြီ။ ဒီကောင် ရန်ကုန်မှာ ရှိနေဆဲပဲပေါ့။ တစ်နေ့နေ့တော့ ကျွန်တော့်ရဲ့ အိမ်ရှေ့မှောက် ဆိုင်ကယ်လေးနဲ့ “ဟေ့ကောင်”ဆိုပြီး ရောက်လာဦးမှာပေါ့။ ဟုတ်တယ် ရန်ကုန်မှာပဲ။ မဟုတ်ဘူး သေပြီ။ သေပြီးလို့ နောက်တစ်ရက် ငါမနက်အိပ်ယာကနိုးတော့ မင်းအဲဒီလို မနိုးထနိုင်တော့တာ တွေးမိတယ်။ ငါအခုလို နိုးခွင့်ရတာကိုလည်း ထူးထူးခြားခြား ခံစားမိတယ်။ ပြီးတော့ နေရောင်ခြည်။ ပြီးတော့ အနွေးဓာတ်ကို ထိန်းသိမ်းထားတဲ့ နုညက်တဲ့ မျက်နှာသုတ်ပုဝါရဲ့ အမျှင်လေးတွေ။ ပြီးတော့ လေနုအေး။ ပြီးတော့ ခေတ်ပေါ်ကဗျာနိမိတ်ပုံတွေ။ ပြီးတော့ နေဗီယာ ဖိုက်အင်ဝမ်း။ ပြီးတော့ လိပ်တဲ့စ် ဂျေအိုဒမ်းနိုးတီရှပ်။ ပြီးတော့ ပြီးတော့ မင်းအကြိုက်တွေ ဆက်တိုက်လာမယ်။ မင်းရောက်လာတဲ့အခါ တွေ့ကြသေးတာပေါ့။ ဘယ်တော့လဲ။ ပွဲလမ်းသဘင်ဆို ရှေ့ဆုံးက တွေ့ရတဲ့ မင်းဟာ ရန်ကုန်မှာပဲ ပျော်နေမှာပေါ့။ မင်း ရန်ကုန်မှာပဲ ရှိနေမှာ မဟုတ်လား။ ဟုတ်တယ်၊ ရန်ကုန်မှာပဲ မင်းခန္ဓာကိုယ်ကြီးက ရှိနေမှာ။ တစ်နေကုန် ကျောခင်းပြီး အိပ်နေတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ကွာ။ သေတာထက်တော့ အများကြီး သာသေးတယ်။ မင်း သေတော့ မသေသင့်ဘူးကွ။

၂၀၀၈၊ ဧပြီ

One thought on “သူငယ်ချင်းခင်မောင်အေးကောင်းမှု (မောင်ယုပိုင်)

  1. ငါအခုလို နိုးခွင့်ရတာကိုလည်း ထူးထူးခြားခြား ခံစားမိတယ်။ ပြီးတော့ နေရောင်ခြည်။ ပြီးတော့ အနွေးဓာတ်ကို ထိန်းသိမ်းထားတဲ့ နုညက်တဲ့ မျက်နှာသုတ်ပုဝါရဲ့ အမျှင်လေးတွေ။ ပြီးတော့ လေနုအေး။ ပြီးတော့ ခေတ်ပေါ်ကဗျာနိမိတ်ပုံတွေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s