လမ်းအိုလေး

beyond chaOs

ခင်မောင်အေး နှောင်းပိုင်းကိစ္စများ (မောင်ယုပိုင်)

2 Comments

ခင်မောင်အေးမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဖြစ်ပါသည်။
ကျွန်တော့်သူငယ်ချင်း ခင်မောင်အေးတစ်ယောက်ကို ပြောခြင်းဖြစ်ပါသည်။
အခုဆို ခင်မောင်အေးဟာ ဘာမှမသိတော့ပါ။ ၂၀၀၇ စက်တင်ဘာနောက်ပိုင်းမှာ ခင်မောင်အေးဟာ ဘာဆိုဘာမှ မခံစားရတော့ပါ။ ဒါကြောင့် ၂၀၀၈ မေလမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကို သူသိမသွားပါ။ သူကပ်ပြီးလွတ်သွားတယ်။ တစ်ဆက်တည်းဆိုသလို အမှန်နဲ့အမှားကြားလည်း ဗျာများနေစရာမလိုပဲ သူလွတ်မြောက်သွားခြင်း ဖြစ်တယ်။
ကောင်းလေစွ၊ ခင်မောင်အေးဟာ ဘာမှမခံစားရတော့သလို ရန်ကုန်သားတစ်ပိုင်း ခင်မောင်အေးဟာ ကျွန်တော့်ကို အသစ်အသစ် နောက်ဆုံးပေါ် အသစ်အဆန်းကလေးတွေနဲ့ အမြဲ မိတ်ဆက်ပေးလေ့ ရှိပါတယ်။ အမြဲ ပရိုမိုးရှင်းလုပ်လေ့ ရှိပါတယ်။ သူ့ကိုယ်သူ အမြဲကြော်ငြာဝင်လေ့ ရှိပါတယ်။
ကျွန်တော်လည်း ဘယ်တော့မှ သူ့လောက် အသစ်အဆန်းတွေကို မသိပါဘူး။ မသုံးနိုင်ပါဘူး။ ဒါပေမယ့် သူအခုလို လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားမှတော့ ကျွန်တော်က သူ့ထက် အလိုလိုနေရင်း ပိုသိသလို၊ ပိုသုံးသလို ဖြစ်နေတာပေါ့လေ။ ဥပမာ ၀င်းဒိုးဆဲဗင်း ပေါ်လာတာ အိုဘားမား တက်လာတာ လူတိုင်းသိတဲ့ ကိစ္စမျိုးကိုတောင် သူမသိရတော့ဘူး။ မနေ့က ဂျပန်မှာ ပြသွားတဲ့ အင်စတော်လေးရှင်း လက်ရာတို့ဘာတို့ သူနဲ့မဆိုင်တာ သူဝါသနာမပါတာတွေကတော့ ထားပါတော့လေ။ ကံဆိုးသူ ခင်မောင်အေးခမျာ သူကြိုက်လောက်တဲ့ ထရန်စဖော်မာတူးကို မကြည့်ရတော့တာမျိုးကျတော့ နာတာပေါ့။ အန်ဒါဂရောင်း ဟစ်ပ်ဟော့၊ နိုင်ငံတကာစံချိန်မီလာတဲ့ ပိုဇေရှင်တွေနဲ့ မိုးကျရွှေကိုယ် ဗီဒီယိုဖိုင်လေးတွေ ဘာဆိုဘာမှ မခံစားရတော့တာ၊ ယုတ်စွအဆုံး သူ့အမေကြီးပို့ပေးတဲ့ ငါးပိငါးခြောက်ပုဇွန်ခြောက်တောင် သူမစားရတော့တာ အရမ်းနာတာပေါ့။ အနာဆုံးကတော့ ငါးထောင်နဲ့ ဈေးတည့်သွားတဲ့ ဒီနေ့အချစ်ကလေးတွေ သူမကြုံရတော့တာပဲ။ ကောင်းလည်း ကောင်းပါတယ်။ ခင်မောင်အေးအနေနဲ့ ပုဆိန်ရိုးများ မိုးလုံးပြည့်မုသာဝါဒများ ခေတ်သစ် ဝေသာလီပုဏ္ဏားများအား မကြုံရတော့ဘူး။ လူတုပ်ကွေးအတွက် ပူစရာ မလိုတော့ဘူး။ ကမ္ဘာကြီး ပိုပူလာတာ ကိုယ့်ပယောဂ ကိုယ့်မီးခိုး ကိုယ့်ကြွပ်ကြွပ်အိတ် ဘယ်လောက်ပါသလဲ သူပူစရာမလိုတော့ဘူး။ မကောင်းလည်း မကောင်းဘူး။ သူ့ဇာတိဘိတ်မြို့ကောင်းကြောင်း အမြဲပုံကြီးချဲ့ပြောပေးတတ်တဲ့ ခင်မောင်အေးတစ်ယောက် အခု ဘိတ်မြို့မှာ အင်တာနက်ဆိုင်တွေ မှိုလိုပေါက်နေတာ မသိရတော့ဘူး။ အနောက်က ကြည့်လိုက်ရင် ဘိတ်သူလား ကိုရီးယားသူလား ခွဲခြားမရအောင် လန်းလာကြတာ မသိရတော့ဘူး။ ပွဲခင်းတစ်ခုမှာ ရဲပ်ပါဘိတ်သားအုပ်စုနဲ့ ပန့်ခ်ဘိတ်သားအုပ်စု ရိုက်ပွဲဖြစ်တာ မကြည့်ရတော့ဘူး။ ပွဲလမ်းသဘင်ကြိုက် ခင်မောင်အေး၊ ဘိတ်မှာ သီတင်းကျွတ်နဲ့ သင်္ကြန်ပွဲတော်တွေ တစ်နှစ်ထက်တစ်နှစ် ပိုစည်ကားလာတာ မသိတော့ဘူး။ သူအမြဲနွှဲတဲ့ ကျိုက်ထီးရိုးဘုရားပွဲ တစ်နှစ်တစ်ကြိမ် ကျင်းပမြဲကျင်းပနေတာ မသိတော့ဘူး။ ကံဆိုးရှာတဲ့ ခင်မောင်အေး၊ သူနောက်ဆုံးသိတဲ့ အမေရိကန်သမတ ဘုရှ်ဖြစ်နေရှာ၊ ကောင်းတော့လည်း ကောင်းသား၊ သူနောက်ဆုံးသိသွားတာ ဆူးလေလမ်းမကြီးရှေ့မှာ ရဟန်းရှင်ပြည်သူလူထုဦးရေ ပိုထူထပ်ခိုင်မြဲလာတာ။ ဒါပေမယ့် မျက်စိနောက်သက်သာတယ် ပြောမလား၊ အီမိုဖက်ရှင် ရဲ့ပ်ပါဖက်ရှင်တွေ သူမှ မမြင်ရတော့တာ။ သရဲရုပ်ရှင် / သရဲဗီဒီယို / သရဲဝတ္ထုတွေ သူမှ မကြည့်ရတော့တာ။ အာရုံနောက်သက်သာတယ် ပြောမလား၊ ပေါ့ပ်ဂျာနယ်၊ ပေါ့ပ်စာနယ်ဇင်းများထဲက စယ်လီဘလယ်တီများရဲ့ သတင်းနဲ့ အင်တာဗျူးတွေ သူမှ မဖတ်ရတော့တာ။ သူ့အမေကြီးပြောသလို ငါ့သား ခင်မောင်အေးတော့ ငြိမ်းချမ်းသွားပြီလို့ပဲ ဆိုရမလား။ ဟုတ်တယ်၊ သူဟာ ငြိမ်းချမ်းသွားပါပြီ။ သူဟာ ဘာမှမသိတော့ပါဘူး။ ဒီကနေ့မှာ သူ့သူငယ်ချင်း ကျွန်တော်တစ်ယောက် လူ့ဘ၀ဟာ ဘာလို့ဒီလောက် ခက်ခဲရသလဲဆိုတဲ့ မေးခွန်းကို မေးတတ်လောက်အောင် လူလားမြောက်ခဲ့ပြီ ဆိုတာလည်း သူမသိရတော့ပါဘူး။ ထို့အတူ သံချိုနွေဥသြ၊ မိုးရေတက်ရေ တဖွေးဖွေး၊ ပြတင်းတံခါးမှာ နှင်းများလာရိုက်ခတ်ဆဲပဲဆိုတာတွေလည်း အစကတည်းက သူမသိနိုင်ခဲ့သလို တစ်သက်လုံးလည်း သူမသိနိုင်တော့ပါဘူး။ အိမ်ရှေ့ဝရန်တာမှာ သူ့အဖေကြီး သူ့ကို ညတိုင်းထွက်စောင့်ဆဲပဲဆိုတာ၊ ရေကျော်လမ်းထိပ်မှာ ၀က်သားတုတ်ထိုးအိုးကြီး အငွေ့တစ်ထောင်းထောင်းနဲ့ သင်းပျံ့မွှေးကြိုင်ဆဲပဲဆိုတာ၊ ဘိတ်မြို့က အေးမြလှပတဲ့ တောတွင်းရေတံခွန်တွေမှာ ရေတွေ တသွင်သွင် စီးဆင်းမြဲ စီးဆင်းဆဲပဲဆိုတာ၊ နောက်ဆုံး ဆိုးဆိုးကောင်းကောင်း ခွင့်လွှတ်ပေါင်းသင်းတဲ့ တစ်ယောက်သော သူ့သူငယ်ချင်း ကျွန်တော်က သူဘိတ်ပြန်လာမလားဆိုပြီး ယောင်မှားစောင့်မျှော်နေဆဲပဲဆိုတာ ၂၀၀၇ စက်တင်ဘာတုန်းက ရန်ကုန်မြို့မှာ စတင်သေဆုံးခဲ့တဲ့ ခင်မောင်အေးတစ်ယောက် ဘာဆိုဘာမှ သိနိုင်မှာ မဟုတ်တော့ပါဘူး။     ။

2 thoughts on “ခင်မောင်အေး နှောင်းပိုင်းကိစ္စများ (မောင်ယုပိုင်)

  1. မိုးကျရွှေကိုယ်ဘလော့ ပိတ်သွားတာလည်း သိမသွားဘူးပေါ့

  2. စိတ်မကောင်းဘူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s