လမ်းအိုလေး

Løøps of Resistance …

ဒီစာကို ဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာမဟုတ်ဘူး (ဇေယျာလင်း)

Leave a comment

တကယ့်ဘဝ

တကယ့်ဘဝ

ဘာသာစကားဟာ သင်ခန်းစာကိုဖြတ်ပြီး အတွေ့အကြုံကိုရောက်တယ်။ သင်ခန်းစာဟာ အတွေ့အကြုံကိုဖြတ်ပြီး ဘာသာစကားကိုရောက်တယ်။ အတွေ့အကြုံဟာ
ဘာသာစကားကိုဖြတ်ပြီး သင်ခန်းစာကိုရောက်တယ်။ ဒါပေမယ့် ကျွန်တော်စကားစ ပြန်ကောက်ပါရစေ။ ခရမ်းချဉ်သီးနီနီတစ်လုံးကို ကျွန်တော့်ပါးစပ်ထဲထည့်ပြီး ကိုက်ပစ်လိုက်တာ
‘ဗျစ်’ ခနဲပဲ။ ခရမ်းချဉ်သီးရဲ့ ချက်ကြိုးဟာ ကျွန်တော့်ကို ‘တကယ့်ဘ၀’ အကြောင်း မပြောဘူး။

ဒီစာကို ဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာမဟုတ်ဘူး။ စာမျက်နှာ လှန်နိုင်သေးလား။
အိပ်ခန်းထဲ ငါးသွားမျှားတာကပဲ ပိုကောင်းမလို။ သိပ်ပြီးအရိပ်ဆန်တာတော့ မဟုတ်ခဲ့သလိုပဲလို့
နောက်ကွယ်ကြိုးဆွဲက မင်းသမီးရုပ်သေးရုပ်နဲ့ ပြည့်ဝစွာပန်းဆွတ်ပြီး ဇိမ်ညည်းညည်းတယ်။
ပညာရေး အဲတာက အဓိက။ မသေမချင်း သင်ယူစရာ တစ်ပုံကြီးရှိနေသေးတော့
ဘယ်သူဟာ တက္ကသိုလ်ဘွဲ့ရလဲ။ ဘ၀ဟာ ထိုးဇာတ်လောက်တိကျခဲ့ရင် ခင်ဗျားနဲ့ ကျွန်တော်ဟာ
ကဗျာတစ်ပုဒ်ထဲ ရေဆင်းချိုးဖြစ်ချင်မှ ကူးဖြစ်မှာ။ မာယာအများဆုံး၊ အသေးစိတ်အတိကျဆုံး
ဇာတ်ကျောပဟေဠိဖွဲ့သူနဲ့ စိတ်ချင်းစီးချင်းထိုးရတာဟာ တောင်ထိပ်ကိုရောက်ပြီး
တောင်ကို မမြင်ရသလိုပဲ။ ပြင်သစ်တစ်ယောက်ပြောဖူးတာကတော့ သူဟာ အဆုံးမဲ့နောက်ကြောင်း
ပြန်ခြင်းနဲ့ အဆုံးမဲ့ရှေ့တိုးနေခြင်းရဲ့ မြေဇာပဲတဲ့။ ၀ံပုလွေများ၊ နှင်းခဲများ၊ ပင်ပန်းဒုက္ခစိုက်ရခြင်းများရဲ့
ဖခင်ဂျက်လန်ဒန်ဘာပြောဦးမလဲ မသိဘူး။ လူတစ်ယောက်ရဲ့ ရေးဟန်ဟာ အမြဲတမ်း
အသားတက်ဖို့ လိုနေတယ်။ အသံမဲ့သူများကို အသံပေးရမှာ။ ကိုယ်စားအသံဟာ ကြာလာတော့
ကာယကံရှင်ကို ၀တ္တုလုပ်ပစ်တယ်လို့ ၁၅ရာစုက မထင်မရှားကိုးကွယ်မှုရဲ့ ဘုန်းကြီးတစ်ပါး
မှတ်သားမိတာကို ဘယ်မှာတွေ့ခဲ့မှန်းမသိဘူး။ ဒီအကြောင်းကို တစ်နေ့ကဘဲ ကျွန်တော်သူ့ကို
ပြောခဲ့တယ်။ အသိသက်သေတော့ မရှိဘူးပေါ့။ ဒါပေမယ့် အချက်အလက်စုဆောင်းခြင်း ၊
အရာရာတန်ဖိုးဖြတ်ချင်းထဲမှာ မိမိကိုယ်ကို ဖြတ်တိုက်သွားတဲ့  လေပြည်ဘယ်နှစ်အောင်စပါသလဲ။
နေ့စဉ်ဘ၀ရဲ့ အစွယ်ဖွေးဖွေးကြီးတွေ၊ အမွှေးထူထူကြမ်း ကြမ်းကြီးတွေရဲ့ မျက်လုံး။
ဘာသာစကားဟာ သင်ခန်းစာကိုဖြတ်ပြီး အတွေ့အကြုံကိုရောက်တယ်။ သင်ခန်းစာဟာ
အတွေ့အကြုံကိုဖြတ်ပြီး ဘာသာစကားကိုရောက်တယ်။ အတွေ့အကြုံဟာ
ဘာသာစကားကိုဖြတ်ပြီး သင်ခန်းစာကိုရောက်တယ်။ ဒါပေမယ့် ကျွန်တော်စကားစ ပြန်ကောက်
ပါရစေ။ ခရမ်းချဉ်သီးနီနီတစ်လုံးကို ကျွန်တော့်ပါးစပ်ထဲထည့်ပြီး ကိုက်ပစ်လိုက်တာ
‘ဗျစ်’ ခနဲပဲ။ ခရမ်းချဉ်သီးရဲ့ ချက်ကြိုးဟာ ကျွန်တော့်ကို ‘တကယ့်ဘ၀’ အကြောင်း မပြောဘူး။
တစ်ကမ္ဘာလုံးမှာ သူတစ်အုပ်ထဲရှိ၊ လူတိုင်းလည်း လက်လှမ်းမီနိုင်ပြီး လိုအပ်သမျှအဖြေပါတဲ့
စာအုပ်ထဲမှာ ကျွန်တော်မတွေ့တာ နှစ်ခုပျမ်းမျှရှိတယ်။ (၁) ခင်ဗျားရဲ့ စိတ် (၂) ခင်ဗျားရဲ့စိတ်နဲ့
ဖုံးထားတဲ့ ခင်ဗျားရဲ့ စိတ် (၃) ခင်ဗျားရဲ့ စိတ်ဟာ ခင်ဗျားကို သိ၊ မသိ။ ‘ကျွန်မရဲ့ အဖြစ်အပျက်
အားလုံး၊ ခံစားမှုအားလုံး၊ ဆက်စပ်မှုအားလုံး၊ အဓိပ္ပာယ် ပဋိပက္ခအားလုံးကို ကျွန်မ သူတို့ချည်းအတိုင်း
မကွယ်မ၀ှက်ပြောချရရင် ကျွန်မကိုယ်တိုင်တောင် ကျွန်မယုံမှာ မဟုတ်ဘူး။’ သူမဟာ ဘယ်သူလဲ။
အရှိန်နဲ့  ပြေးနေတဲ့ လျှပ်စစ်ရထားပေါ်က ခုန်ဆင်းပြီး သိုးကလေးတစ်ကောင်ကို
ဘာကြောင့်သွားကယ်တာလဲ။ ဘာဖြစ်လို့ သူမရဲ့ မျက်နှာပေါ်မှာ ကြေကွဲမှုနဲ့ ကပ်နေတဲ့ 
မျက်နှာဖုံးအပြုံးရှိနေတာလဲ။ သန်းခေါင်ယံထိတ်လန့်တုန်လှုပ်မှုမှာ ချုပ်ရိုးတွေပြေနေတယ်။
ပျော်ရွှင်မှုနဲ့ အဆုံးသတ်တဲ့ဇာတ်လမ်းဟာ လျော့ရိလျော့ရဲ ဆီလျော်ပေမယ့် နည်းနည်း ချဉ်စော်
နံမနေဘူးလား။ အဲဒါကြောင့် ဖြစ်မယ်။ ပင်လယ်လိပ်ကြီးတွေ သဲကန္တာရကို ဖြတ်ပြီး
တစ်ဖက်ပင်လယ်ဆီသွားနေကြတာကို လေယာဉ်ပျံပေါ်က မြင်ရတယ်တဲ့။ အစကတော့
မိမိရဲ့ ဇာတိနောက်လိုက်တာဟာ အမှန်ဆုံးပဲ ထင်ဖူးကြတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို
အဆင်ပြေသလို လှည့်စားနေထိုင်တတ်တဲ့ ပညာမှာ တစ်ဖက်ကမ်းခပ်ပဲ။ ဘ၀ဆိုတာ
ခြေသလုံးအိမ်တိုင်ပေါ်က စုတ်ပြဲနေတဲ့ အ၀တ်စတစ်ခု ဖြစ် မဖြစ် ခင်ဗျားလည်း တွေးဖူးမှာပါပဲ။
တွေးပြီး ဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါဘူး။ ပညာသည်ပီသစွာ ပင်လယ်ကမ်းခြေတစ်ခုရဲ့
ညနေခင်းလိုလိုမှာ ပက်လက်ကုလားထိုင်တစ်လုံးလိုလိုနဲ့ ကိုယ်နှစ်သက်ရာ ကာမဂုဏ်အာရုံ
တစ်ခုခုနဲ့ လူမှုရေးမျက်နှာဖုံးစွပ်ပြီး လူလိမ္မာချောဆီလူးနေမှာပေါ့။ မိန်းမပျိုလေးရဲ့ ဘယ်ဘက်
ရင်သားရဲ့ ရင်သီးအောက်က မှဲ့ကလေးဟာ အထူးချိုမြိန်တယ်ဆိုပဲ။ ဟော… ရထားခုတ်မောင်းသံဟာ
မိုးသံဖုံးသွားပြီ။ ခွင့်လွှတ်ပါ။ ကျွန်တော်လမ်းချော်သွားပြန်ပြီ။ ရှင် ကျွန်မကို တကယ်ချစ်ရင်
ကျွန်မကို လုပ်ပေးပါ။ ဟင့်အင်း၊ ဟင့်အင်း … လုပ်ပေးပါ။ ကျွန်မကို လုပ်ပေးပါ။ ရာသီဥတု
အပြောင်းအလဲကို ရံဖန်ရံခါ လိုအပ်တယ်။ မိစ္ဆာကောင်ရဲ့ ခြေသည်းအောက်မှာ အခုဘာရာသီလဲ။
ဇလဗေဒအားဖြင့် ပိုပြီးအေးခဲနေတတ်တာဟာ ခရီးသွားအပြန် လှန်ကြည့်တဲ့ ဓာတ်ပုံတစ်ပုံထဲ
ကောက်ရမိပြန်ရော။ ဒါပေမယ့် အဲတာ ဘာမှမဆိုင်တဲ့  အပြင် လိုရင်းနဲ့ လွဲချင်တိုင်း လွဲနေပြန်တယ်။
အခုကျွန်တော့် ခေါင်းထဲမြည်နေတဲ့ အသံက သူမရဲ့ ပဲ့တင်တွေပဲ။ ရှက်ဖို့လည်း ကောင်းလိုက်တာ။
ဒါပေမယ့် စိတ္တဇဆန်ဆန်ချိုမြိန်မှုအပြည့်။ ကျွန်တော် ဘယ်လိုပြောရမလဲဗျာ။ ကူပါဦး။ ခင်ဗျားဆို
ကျွန်တော်နားလည်အောင် ဘယ်လိုပြောမလဲ။ သံသယ သံသရာ။ ဒီစာဟာ လူတစ်ယောက်အဖို့
ကဗျာဆရာဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်လို့ အဓိပ္ပာယ်အစအနတောင် မပေးတဲ့အတူ
ဘာကြောင့် သစ်ရွက်တစ်ရွက်၊ လေစိမ်းတစ်ခု၊ ကမ်းခြေတစ်ထည်လို ရှိနေတာလဲ။
သို့မဟုတ် အဇ္ဇျတ္တဂီတပညာရှင် သို့မဟုတ် စံချစ်သူ၊ စံအိမ်ထောင်ဘက် သို့မဟုတ်….။
မုတ်သုန်မိုးပြင်းတွေဟာ တွင်းအောင်းမြွေတွေကို ကြာပွတ်နဲ့ရိုက်ပြီး မြေပေါ်ထွက်လာစေတယ်။
များလိုက်တာ၊ များလိုက်တာ။ မြေပြင်တစ်ခုလုံး ချွဲကျိကျိနဲ့ ခြေချစရာ မကျန်အောင်
‘သက်ရှိကော်ဇော’ ဖြစ်သွားသတဲ့။ ‘အကယ်၍ ဗင်ဂိုးကို ပန်းချီရေးဆွဲနေတုန်း သူရဲ့
သွေးကြောတစ်ချောင်းကို ဖြတ်ပြီး သွေးဖိအားတိုင်းစက်နဲ့ တိုင်းကြည့်ရင် သူ့ပန်းချီကားတွေထဲကလို
လှိုင်းတွေကို တိုင်းထွာချက်မှာ မြင်ရမှာသေချာတယ်။’ ဒါက ဂျပန်ပန်းချီဆရာ ယာနာဝါဂီ ပြောတာ။
အက်ဗဆဒ်ပြဇာတ်ဖခင်တစ်ဦးဖြစ်တဲ့ အာသာအာဒါမော့(ဗ်)က ဟောသလိုဆိုတယ်။
‘လူသားဟာ နားမလည်ဘူးလို့ ရုတ်တရက်သဘောပေါက်သွားတဲ့ အခိုက်မှာ
စတင်နားလည်တော့တာပဲ။ ‘ ဖိစီးမှုအားလုံးရဲ့ နောက်ကွယ်က အာဏာပိုင်တွေဟာ ဖိစီးမှုအားလုံးထဲက
မထွက်တတ်ကြတဲ့ အသံတွေပဲ။ မီးခိုးရောင်တိတ်ဆိတ်မှု လွင်ပြင်မှာ အထီးကျန်ရထားတစ်စင်း
အသံကြိတ်ခုတ်မောင်းနေတာ မျက်စိရှေ့ကဖြတ်သွားတယ်။ နှစ်ကိုယ်ထဲသိတဲ့ အတွင်းရေး
ကျောက်သံပတ္တမြားဟာ အများသူငါ ထိန်ချန်ထားကြတဲ့ အရေခွံတွေလည်း ဖြစ်နေပြန်ရော။
လူ့ဘီလူးကြီးရဲ့ ခင်မင်မှုကို လူ့ဘ၀ ဘယ်နှစ်ကန့်ပေးရမလဲ။ ပဋိသရုပ်မှန်ဘ၀အမြင်နဲ့
န၀သရုပ်မှန်ဘ၀ အမြင်ဟာ မျက်စိတစ်ဖက်စီနဲ့ ဇာတ်ရံတစ်ယောက်ပဲ။ တတိယမျက်လုံးရှင်ဟာ
လေထဲပျံဝဲနေတဲ့ ငါးလှလှလေးတွေလည်း ဖြစ်တယ်။ သက်တံရောင်တွေ သူတို့ကိုယ်ပေါ်က
သက်ဆင်းလာကြပြီး ကျွန်တော်တို့ရဲ့ ကြောင်တောင်ကန်းမျက်လုံးခွံတွေပေါ်မှာ
အလဟဿ ကျကြတယ်။ နယ်ပယ်သစ်လေ့လာရေးဘ၀ ခရီးရှည်ကြီးဟာ ကြီးကျယ်မြင့်မြတ်
ခမ်းနားတဲ့ ဆုံးရှုံးမှုမှာပြီးဆုံးတယ်။ တစ်ခုပြီး တစ်ခုပဲ။ လူမှုဟာသဘွဲ့တွေ၊ သရော်စာတွေ၊ကဗျာတွေ၊
ကြေကွဲပြဇာတ်တွေဟာ မှေးမှိန်သွားကြပြီး သူနဲ့သူမပဲ နောက်ဆုံးညှိုးချုံးခြောက်ကပ်
သွားကြဖို့ ကျန်ခဲ့ကြတယ်။ မပြီးဆုံးနိုင်တဲ့ သူတို့နှစ်ဦးဟာ ပကတိပြည့်စုံတဲ့ အချစ်ရဲ့
ကလူနှိပ်စက်ညှင်းပန်းသူနဲ့ ညှင်းပန်းနှိပ်စက်ခံရသူ ကိုယ်စီနဲ့ အခန်းပြောင်းခွင့် ရထား။     ။

(တကယ့်ဘ၀ – ဇေယျာလင်းနှစ်ကာလများ – ၂၀၀၉)

Mirrored: တောကျောင်းဆရာ Blog

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s