လမ်းအိုလေး

Løøps of Resistance …

အေဒီ ၁၉၆၅ ကပေါ်တဲ့ တစ္ဆေမီးရထားစက်ခေါင်း (ပိုင်)

Leave a comment

ကျွန်တော်ဟာ မီးခိုးတအူအူထွက်နေတဲ့ မီးရထားပေါ်
ခုန်တက်လိုက်ပြီးမှ
ထိုင်ခုံအမှတ်က ‘၀’ ဖြစ်နေတဲ့လူ။
ကိုယ်သွားရမယ့်မြို့ကို မေ့သွားတဲ့လူ။
ကိုယ့်ရဲ့ ဘိုင်အိုဂရပ်ဖီကို မေ့ကျန်ရစ်တဲ့လူ။
ကျွန်တော့်မှာ လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်
ကလွဲပြီး တခြားဘာမှ ပါမလာခဲ့ဘူး။
ဒါပေမယ့် မီးရထားက ထွက်ခဲ့ပြီ။
အဲဒီ မီးရထားကလည်း
ကျွန်တော်စီးရမယ့် မီးရထား ဟုတ် မဟုတ် သံသယ
ဖြစ်လာမိ
မီးရထားက သူ့နာမည်ကိုအော်ပြီး ထွက်ခဲ့ပြီ။
မီးရထားမောင်းသမားဟာ သေနတ်တစ်လက်ကို တိုက်ချွတ်နေပြီး
မီးရထားစီးသမားတစ်ချို့ဟာ ဖဲကစားနေကြတယ်။
ကျွန်တော်ဟာ ကုတ်အကျီင်္နဲ့ ဦးထုတ်ဆောင်းထားတဲ့
သူတို့ကို နောက်ကျောဖက်ကပဲ မြင်နေရ။
ကျွန်တော့် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့
ကျွန်တော်ထွက်လာတဲ့အချိန်မှာပဲ ရပ်တန့်လို့။
မီးရထားကကော…
မီးရထားအပြင်ဖက်မှာ မီးရထားကလွဲလို့ ဘာမှမရှိပါလား.
ကောင်းကင်၊ မြေပြင်၊ ရှုခင်း၊ မြို့ဘူတာရုံ
ရာသီဥတု ဘာတစ်ခုမှမရှိပါလား
ဘုရားသခင်…. မီးရထားကြီးမှာ
အချိန်၊ နေရာ ဆိုတဲ့ သတ်မှတ်ချက်ကြီးတောင်
မရှိတော့ဘူးလား
ဒါတွေတစ်ခုမှမရှိပဲ ဒီမီးရထားကြီးက သွားနေတယ်
လို့ကော ပြောနိုင်ပါ့မလား။
မီးရထားကိုယ်တိုင်က ဒီခြောက်ကပ်ကပ်ကမ္ဘာကြီးထဲ
က လွတ်မြောက်ဖို့ အော်ဟစ်ရုန်းထွက်နေပုံ။
ဒါပေမယ့်၊ မီးရထားမောင်းသမားက သေနတ်ကို
အေးတိအေးစက် တိုက်ချွတ်နေဆဲ။
မီးရထားကို ထပ်လေ့လာလိုက်တော့
ဘုရားရေ…. အတွဲတွေလည်း တစ်ခုမှ ပါမလာခဲ့။
လက်စသတ်တော့ ကျွန်တော်ဟာ မီးရထားယောင်ဆောင်ထားတဲ့
မီးရထားစက်ခေါင်းကြီးတစ်ခုရဲ့ လှည့်ဖြားမှုကို ခံလိုက်ရသူ။
ကျွန်တော်ဟာ အရေးတကြီးလေသံနဲ့
‘ကျုပ်တို့ စက်ခေါင်းကြီးတစ်ခုထဲ ထွက်လာမိပြီဗျ’
လို့အော်ပြောပေမယ့်
မီးရထားမောင်းသမားက
သေနတ်ကိုပဲ တိုက်ချွတ်နေဆဲ။
မီးရထားစီးသမားများကလည်း ဖဲကစားနေဆဲ
သူတို့ ဘာရည်ရွယ်ချက်တွေနဲ့ ဒါတွေလုပ်နေကြတယ်ဆိုတာ
ကျွန်တော်တွေးလို့မရဘူး။
ကျွန်တော့်အတွက် မီးရထားအပြင်ဖက်က
သတ်မှတ်ချက်မဲ့ ခြောက်ကပ်ကပ်ကမ္ဘာကြီးထဲ
ခုန်ချလိုက်ဖို့ကလည်း မဖြစ်နိုင်ဘူး။
ဒါကြောင့် ကျွန်တော်ဟာ ဒီစက်ခေါင်းကြီးကိုပဲ
သေသေချာချာ ပြန်လေ့လာမိခဲ့။
ကျွန်တော် ဘုရားသခင်ကို နောက်တစ်ကြိမ်တလိုက်မိတာ
ဖဲဝိုင်းကြောင့်ပဲ။
ဖဲဝိုင်းဟာ နှစ်ယောက်တစ်ပွဲကစားရပြီး
နိုင်တဲ့လူက ရှုံးတဲ့လူကို စားပစ်လိုက်တဲ့ စနစ်ကြီးပါလား။
ဖဲဝိုင်းမှာ တစ်ယောက်ထဲကျန်တဲ့လူဟာ
ဖဲထုပ်ကြီးကိုင်ပြီး ကျွန်တော့်ကို ကြည့်လိုက်တော့
ဝံပုလွေမျက်နှာကြီး။
ကျွန်တော်ဟာ သူကမ်းပေးတဲ့ မှောက်ဖဲတစ်ချပ်ကို ယူဖို့ငြင်းဆန်နေ
ဆဲမှာ
မီးရထားမောင်းသမားကလည်ဒ သေနတ်ကြီးနဲ့
ကျွန်တော့်ကိုချိန်လိုက်တယ်၊ ‘၀ံပုလွေ’
ဒီလိုပါ
ဘ၀ဆိုတာ ကောက်ကျစ်တဲ့ မီးရထားစက်ခေါင်းကြီးထဲ
ဥာဏ်များတဲ့ ဖဲသမားနဲ့
လက်ဖြောင့်တဲ့ သေနတ်သမားကြား
ရောက်ရှိနေရတဲ့ အခြေအနေတစ်ခုပဲ မဟုတ်လားမိတ်ဆွေ။

(အရိုးစစ်ဆေးမှု – ပိုင်။ ကျော်မွှေးစာပေ – မေ၊  ၂၀၀၉)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s