လမ်းအိုလေး

Løøps of Resistance …

စိတ်ကစားခြင်း၊ – – – (အောင်ရင်ငြိမ်း)

Leave a comment

(၁) မီ်းလောင်နေတဲ့အသံ

အရပ်ရှစ်မျက်နှာ
အိပ်မက်တွေ အဝါရောင်လွန်နေတဲ့ ရှုမျှော်ခင်း
အချစ်က မီးဖိုထားမိသူသာ အငွေ့တလူလူ ဝေရတဲ့အဖြစ်
ခံစားမှုကို စာရွက်ပေါ်ပွင့်အန်ချလိုက်ရင်
ကမ္ဘာမြေ မီးလောင်ပြာနှမ်းသွားတော့မယ်။

တို့နှစ်ယောက်ကြား
ချစ်ခြင်းမေတ္တာ ကိန္နရာချောင်းခြားလို့
လွမ်းဆွတ်ခြင်းက
အချိန်နဲ့အမျှ ဆံနွယ်လိုရှည်လျားလာ
ဝေးကွာခြင်းက
ရာသီနဲ့အမျှ သံသရာလိုရှည်လျားလာ
အတိတ်က အနာအဆာတွေနဲ့ ငါကျွမ်းလောင်နေချိန်
သူစိမ်းလူရဲ့ သီချင်းမှာ
မင်းအသံတွေ နေရောင်လင်းလက်နေမလား။

ငါ့သဘာဝအပေါ်
မင့်နေရောင် ဖျော့တော့သွားပြီးနောက်
အရူးတစ်ပိုင်းနေ့ အနှမ်းတစ်ပိုင်းည
အနီရဲရဲ စိတ်ဆင်းရဲခြင်းတွေသာ ဖူးပွင့်ဝေဆာလို့
လွမ်းဆွတ်ခြင်းအဝါ
ရှူသွင်းလိုက်တဲ့အသက်မှာ အသက်မပါဘူး။

အချစ်ရယ်
အဝေးက မင်းသတင်းတွေ စိတ္တဇ
အဝေးက မင်းရယ်သံတွေ ရင်နဲ့ဆတ်ဆတ်ကြားရရဲ့။

ပျော်ရွှင်ခြင်းဟာ အသက်သုံးဆယ်
အရွယ်ငယ်ငယ်နဲ့ ကွယ်လွန်သွားတဲ့ ရုပ်ကလာပ်
အထီးကျန်ခြင်းက
နံရိုးမှာ မိန်းမဓာတ်လိုနေတဲ့ ကဗျာ
မင်းမရှိတဲ့နေ့တွေမှာ ငါ့အနုပညာ သွေအားနည်းရ
မင်းမရှိတဲ့ညတွေမှာ ငါ့အနုပညာ ရောဂါထူပြောရ။

ငါဟာ
မင်းအဝေးမှာ လဲကျနေတဲ့ သားကောင်ပါ
သွေးသံရဲရဲ
ကျိန်စာတွေ တန်းလန်းစိုက်ဝင်လို့
လူတစ်ယောက် တိတ်ဆိတ်နာကျင်စွာ အသက်ရှင်နေ
လူတစ်ယောက် သွေးဆုတ်ဖြူလျော်စွာ အသက်ရှင်နေ။

ငါ့သူငယ်ချင်းတွေ
အချစ်တံဆိပ်တပ် တီရှပ်ကိုဝတ်ဆင်တုန်း
ငါ့လက်ဖျံမှာ ဆေးမင်ကြောင်နဲ့
ဆေးဆိုးဆံရှည်နဲ့ အပျော်ရည်းစားနဲ့
အပေါစားဟာသနဲ့ အော်လ်တာနေးတစ်ဗ်နဲ့
ငါ့အတွင်းမှာ အုံ့ပုန်းလောင်နေသောမီးများ
ဘယ်သူမြင်လို့ ကြားနိုင်မလဲ
အသက်မရှိတော့တဲ့ နံကြား
ဘယ်လိုဓားနဲ့ ထိုးဦးမလဲ။

ငါက အချစ်နဲ့အနုပညာ
မင်းက ငွေကြေး၊ အရေပြားဆန်တဲ့အလှနဲ့ အတ္တမာန
လူနှစ်ယောက် ဘုရားသခင်ချင်းမတူတဲ့အခါ
အချစ်ဆိုတာ
မျှော်လင့်ချက်ကို သွေးဆောင်ဖျက်ဆီးပစ်လိုက်တဲ့ မာရ်နတ်ပဲ။

မင်းမရှိတဲ့ဘဝ
အနုပညာတစ်မတ်သားနဲ့
စာမျက်နှာပေါ် ခိုးတက်လာတဲ့ကဗျာလို အဆီအနှစ်ကင်းမဲ့လို့
အကုသိုလ်များဖို့ လွယ်သမျှ
အရသာပျက်နေတဲ့ နှစ်ကာလများ။

စိတ္တဇတွေ မွန်းတည့်ထက်နေမြင့်လို့
နာကျည်းခြင်းဟာ သန်းခေါင်ထက်ညဥ့်နက်လို့
ငါ့သားလေးတွေဆော့ဖို့ ဘယ်သူအရုပ်ဖြစ်နေသလဲ
ငါ့သားလေးတွေ အသံထွက်အောင်
ဘယ်သူ တီးမှုတ်ဖျော်ဖြေနေသလဲ။

မေးခွန်းတွေထဲ သောကပဲ့တင်
ပုစဉ်းရင်ကွဲတစ်ကောင်လို အာခေါင်ခြစ်အော်မြည်နေမိရဲ့။

လူတစ်ယောက် အဓိပ္ပာယ်ပြည့်စုံဖို့
နောက်ထပ်လူတစ်ယောက် လိုအပ်သလား။

ယောက်ျားမရှိတဲ့ မိန်းမတစ်ယောက်ဟာ ပျော်ရွှင်ခြင်းလား
မိန်းမမရှိတဲ့ ယောက်ျားတစ်ယောက်ဟာ သေဆုံးခြင်းလား။

ဘဝဟာ
အစပ်အဟပ်မမှန်တဲ့ ဟင်းလျာ
ငွေစက္ကူ၊ လိင်နဲ့ အပေါစားကျော်ကြားမှု
လူတကာ သွေးတိုးမူးဝေဖွယ်ရာ
လူ့အဖြစ်ရဲ့ လျှို့ဝှက်သော့ချက်များ
ငါက ဖွဲ့နွဲ့စရာ ဖြစ်ရပ်ဆန်းကြယ်မရှိတော့
မင်းမရှိတဲ့ အသက်ရှင်ခြင်းကို အလိုမရှိတော့။

လူ့အဖြစ်ကို
လင်မယားကွာရှင်းသလို ကိစ္စပြတ်စဲချင်ခဲ့တယ်။

ငါအလိုမတူဘဲ
ငါ့လက်မှတ်ပေါ် ဖြာကျခဲ့တဲ့ မျက်ရည်များ
ငါ့အသွေးအသားထဲ မီးလိုမွှေးထားတယ်။

ဒီဘဝ
သူ့အဓိပ္ပာယ်နဲ့သူ
ချစ်ခြင်းမေတ္တာဟာ ချစ်ခြင်းမေတ္တာလို ရှိစေ
အမျက်ဒေါသဟာ အမျက်ဒေါသလို ရှိပါစေ။

စိတ်ဆင်းရဲခြင်းကို
ဘုရားမှာ ပန်းလိုကပ်လှူပြီး
ဆုတောင်းမိပါရဲ့။

မီးလောင်နေတဲ့အသံ
သို့မဟုတ်
ငါ့ဘဝတစ်ခုလုံး အသားနုပြန်မတက်တော့အောင်
တဆစ်ဆစ် ကိုက်ခဲနေမယ့်သစ္စာ
ဘဝအစဉ်အဆက်
ငါ့ကိုယ်ငါ သဲလွန်စရှာမရအောင် အတိတ်မေ့စေသတည်း။

ချစ်ခြင်း
မုန်းခြင်း
လွမ်းဆွတ်ခြင်း
အာရုံခံစားမှုမှန်သမျှ သုညဖြစ်စေသတည်း။

အရှင်လတ်လတ်
ငရဲကျသလို ပွက်ပွက်ဆူနေတဲ့စိတ်
အသည်းကွဲခြင်းကို ကမ္ဘာပျက်အောင် အော်ဟစ်ပဲ့တင်လို့
ဒီ ပရိဒေဝကဗျာ
ငါ့အနုပညာနဲ့ သစ္စာဆိုခဲ့တယ် ဇာခြည်သန့်။ ။

(၂) ငါအသစ်ဖွဲ့နွဲ့ရတဲ့ အိပ်မက်ကမ္ဘာပျောက်ဆုံးခြင်း

အနာအဆာနဲ့
မီးလျှံမပါတဲ့စာသားတွေ စဉ်းစားတယ်
အနာအဆာနဲ့
မီးလျှံပါတဲ့စာသားတွေပဲ ထွက်လာတယ်။

ငါရေးမယ့်ကဗျာ
ဘယ်လိုအနုပညာနဲ့ ဘယ်လိုကဗျာဆန်နိုင်တော့မလဲ။

“မီးလောင်နေတဲ့အသံ” ပြာကျပြီး
မင်းဟာ
ငါ အသစ်မက်မိတဲ့အိပ်မက်၊ ငါ အသစ်တွေ့ထားတဲ့ကမ္ဘာ
အခု ငါ အသစ်ဖွဲ့နွဲ့ရတဲ့ အိပ်မက်ကမ္ဘာပျောက်ဆုံးခြင်း။

ငါက
ဆံပင်ပုံစံပျက်ရင်တောင် ကမ္ဘာပျက်မတတ် ခံစားတတ်တဲ့လူ
သစ်ရွက်ကြွေရင်တောင် ဝမ်းနည်းစိတ်နဲ့ မီးလောင်လွယ်တဲ့လူ
မင်းမရှိတဲ့အခါ
ငါ့ကိုယ်ငါ ဘယ်လိုအထူးပြုရမလဲ မသိတော့။

မင်းဟာ
အရင်က ဘာမှမရှိတဲ့ စာရွက်လွတ်တစ်ရွက်
အခု ငါ့ဘဝတန်ဖိုးတွေ ပုံနှိပ်ထားတဲ့ စာရွက်စာတမ်း
အိပ်မက်ညိုရယ်
မင်းနာမည်မကြားရတော့ မင်းနာမည်ခေါ်ပြီး လွမ်းရတယ်
မင်းမျက်နှာမမြင်ရတော့ မင်းမျက်နှာမြင်ပြီး ကျွမ်းရတယ်။

“ကျွန်မဟာ
အချစ်မှာ မိုက်မဲမိတဲ့ နံရိုးတစ်ချောင်းပဲ”
ငါ့နှုတ်ခမ်းမှာ
မင်းအနမ်းနဲ့ ရေးထိုးသွားတဲ့ ဆေးမင်ကြောင်။

“အချစ်က အမှန်တရားဖြစ်လာတဲ့အထိ
ကျွန်မတို့ မိုက်မဲကြမယ်”
ငါ့လက်သန်းမှာ
မင်း လက်သန်းလေး ချိတ်သွားတဲ့သင်္ကေတ။

နောက်ကြောင်းပြန်သမျှ အရာရာ
လူကို ရူးသွပ်စေတဲ့ အကြောင်းအရာတွေ။

ကံကြမ္မာက
ငါတို့အိပ်မက်ကို မြစ်တစ်ဖက်ကမ်းစီ ခွဲခြားပြီးတဲ့နောက်
လူဟာ ရင်ဟင်းလင်းနဲ့ လမ်းတကာလွင့်လို့
အာရုံမှာ အဝါရောင်မီးစုန်းတွေ သွေးပျက်ဖွယ်။

မင်းမရှိပေမယ့် ငါရှိခဲ့တယ်
ငါရှိခြင်းမှာ စိတ်ဒုက္ခဟာ တောမီးလိုတောက်လောင်လို့
ဒီအဖြစ် မင်းမသိပေမဲ့ ငါသိခဲ့တယ်။

တစ်ခုခု ခံစားနေချိန်မှာ
လူဟာ အထီးကျန်ပဲ
ဘာအပိုအလျှံမှ မလို
တစ်ယောက်တည်းနဲပဲ စကြာဝဠာတစ်ခုစာ ပြီးပြည့်စုံတယ်။

တစ်ချိန်က
နှစ်ယောက်အတူ ရှိခဲဖူးတဲ့ အခန်းထဲက အဓိပ္ပာယ်တွေ
ငါလိုက်ရှာတယ် သဲလွန်စမတွေ့တော့။

တစ်ချိန်က
နှစ်ယောက်အတူ ရှင်ခဲ့ဖူးတဲ့ အသက်မှာ အလှအပရှိတယ်
အခု ငါ့အသက်မှာ ဘာမှမရှိတော့။

အနာတရတွေနဲ့ လိပ်ပြာ
အနာတရတွေနဲ့

သက်
ဆက်

ပြန်
ပြီ။

ငါက အသိုက်ပျက်ဖူးတဲ့ ငှက်တစ်ကောင်
အသည်းကွဲခြင်းမှာ ပဲ့တင်ထပ်အောင် သေပွဲဝင်ခဲ့သူ
ငါ့မီးငါ အပူမခံနိုင်တော့တဲ့အဆုံး
အဖြစ်အပျက်အားလုံးကို တရားနဲ့ဖြေရတယ်။

ခံစားမှုနဲ့ရန်ဖြစ်နေတဲ့ ဆင်ခြင်တုံတရား
ကြေကွဲမှုဟာ သူ့ကိုယ်သူဆုံးမသွန်သင်လို့
အသက်ဆန့်ငင်နေတဲ့ လူနာ။

“ကျွန်မသိပြီ
ကျွန်မ ရှေ့ဆက်မမိုက်မဲချင်တော့ဘူး”
ငါ့စိတ်မှာ မီးသွေးနဲ့ခြစ်သွားတဲ့ မိန်းမလက်ရေး
ငါ့ဘဝထဲ တစ်နာရီမိုင်ရှစ်ဆယ်နှုန်း မောင်းဝင်ပြီး
ဘက်ဂီယာထိုးသွားတဲ့ ချစ်ခြင်းမေတ္တာ
မိန်းမတစ်ယောက်ရဲ့ သစ္စာတရားဟာ
ပဋိသန္ဓေကာကွယ်ဆေးလို သုံးလပဲ အာမခံသတဲ့လား။

အချစ်က
ဂျော်ဒန်နိုးဝမ်းဆက်မြင်ရင် မျက်လုံးတွေအရောင်အဝါလင်းလက်လို့
ဘဝရှေ့ရေးတွေးမိရင် သွေးဆုတ်လေဖြန်းသွားတတ်တဲ့ရောဂါ။

“အချစ်က အမှန်တရားဖြစ်လာတဲ့အထိ
ကျွန်မတို့ မိုက်မဲကြမယ်” တဲ့
ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံးပြက်လုံးပဲ
ရယ်မောကြ
အချစ်ကို မျက်ကန်းယုံကြည်မိခဲ့သူ
လူညံ့တွေ ငါနဲ့အတူ စိတ်နာလက်နာ ရယ်မောကြ
ရွှေစစ်ပြီး ငွေမရှိတဲ့အချစ်ဟာ
သူရဲဘောကြောင်တဲ့ အမှန်တရားဖြစ်ခဲ့ပြီ ချစ်သူတို့။

ဟေး!
ကမ္ဘာမြေမှာ
ချစ်ခြင်းမေတ္တာမရှိတော့ဘူးလား
အရူးတစ်ယောက်လို
မေးခွန်းတွေ အသံပြာအောင်မေးမိရဲ့။

ခေတ်တစ်ခေတ်လုံးဆီက
လှောင်ပြောင်စုတ်သပ်သံတွေပဲ ပဲ့တင်ပြန်လာတယ်။

အပေါစားဝတ္ထုတွေ
ရုပ်ရှင်ဇာတ်လမ်းတွေထဲ စိတ်ကူးယဉ်ခဲ့
လူငယ်ဘဝတစ်လျှောက်လုံး အစွဲအလမ်းကို
အတွေးအခေါ်ဟောင်းတစ်ခုလို စွန့်လိုက်တော့
နှစ်ဆယ့်တစ်ရာစု အချစ်ဟာ
နောက်ဆုံးပေါ် ဆဲလ်ဖုန်းတစ်လုံးရဲ့ အမှတ်တံဆိပ်ဖြစ်ခဲ့ပြီ
ချစ်သူတို့။

ဖက်ရှင်ပစ္စည်းနဲ့
ပိုက်ဆံမက်ခြင်းကိစ္စမှာ
မိန်းမတွေ ဗီဇစိတ်တစ်ပုံစံတည်း
အချစ်ကြီး ချစ်တတ်ခဲ့သမျှ
အဆိုးမြင်ဝါဒပဲ အဖတ်တင် ကျန်ခဲ့တယ်။

ငါသုံးစွဲခဲ့
တစ်ခါသုံးဆေးထိုးအပ်လို မိန်းမများ
မင်းတို့နာမည်ကို
ငါ့အဘိဓာန်ထဲက ဖျက်သိမ်းလိုက်ပေရဲ့။

ဥဒါန်းဟာ
ဒီကဗျာထဲ အသားတဆတ်ဆတ်တုန်ယင်လို့
ဥဒါန်းဟာ
ဒီကဗျာထဲ အသည်းတဆတ်ဆတ်နာကျင်လို့
ဘယ်ဘဝက စခဲ့မှန်းမသိတဲ့ ကျိန်စာတွေ
ငါ့ကန္တာရပေါ် အမိုက်အမှောင်လို ပိန်းပိတ်နေတော့တယ်။ ။

(‘စိတ်ကစားခြင်း၊ ခေတ်ပေါ်အချစ်ကဗျာများ’ – အောင်ရင်ငြိမ်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s